မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

by

in

မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင် အချက်အလက်တွေအရ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး အဲဒီတပ်တွေဟာ ဂုတ်စီးရိုးရွာ အရှေ့မြောက်ဘက်မှာရှိတဲ့ တာဝါတိုင်ကုန်းမှာ ဆုတ်ခွာစုပေါင်းနေတဲ့ အတွက် AA တပ်တွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်တဲ့ ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းနဲ့ ဂုတ်စီးရိုးကျေးရွာအနီးမှာ ခံစစ်တည်ဆောက် ထားတာလို့ ဆိုပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်။