မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ဟု အမေရိကန်အပါအဝင် နိုင်ငံ ၈နိုင်ငံနှင့် အီးယူ ပူးတွဲကြေညာ

မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ဟု အမေရိကန်အပါအဝင် နိုင်ငံ ၈နိုင်ငံနှင့် အီးယူ ပူးတွဲကြေညာ
◾️“အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်”
အီယိုရီ/People’s Spring
စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်တွင် မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်း ၈နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ယနေ့(ဖေဖော်ဝါရီ ၁ရက်)ပူးတွဲကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၄နှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
“ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်” ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိကြောင်း ဖော်ညွှန်းနေကြောင်း အထက်ပါနိုင်ငံများက ထုတ်ပြန်သည်။
ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေကြောင်း ဖော်ပြသည်။
“ယခုလက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ပါ”ဟု ပူးတွဲကြေညာသည်။
ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား ယင်းနိုင်ငံများက အလေးအနက် တိုက်တွန်းသည်။ အဆိုပါအချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေသည့် ငြိမ်းချမ်းသော ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော ခြေလှမ်းများဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း ပူးတွဲကြေညာသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများကို တားဆီးကာကွယ်ရေးတို့ကို အထက်ပါနိုင်ငံများက အလေးပေးပြောကြားသည်။
ယင်းနိုင်ငံများသည် မြန်မာပြည်သူများနှင့်အတူ တသားတည်း ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများရည်မျှော်သော အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ဖြစ်ပေါ်လာရေးကို ဆက်လက် အားပေးထောက်ခံသွားမည်ဟု ဖော်ပြသည်။