ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အရာရှိအဆင့် ဗိုလ်မှူး(၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း (၁၃၆) ယောက်က အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက် ရပ်တည် ကူးပြောင်း လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်သူတွေထဲမှာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူ (၈၃) ယောက် ရှိပြီး လက်နက်မျိုးစုံ (၈၃) လက်နဲ့ ခဲယမ်း မီးကျောက်တွေ ရရှိခဲ့ကာ လက်နက်ယူဆောင်လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ဒါမှမဟုတ် နီးစပ်ရာ PDF၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။