မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ
▪️ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။
ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။
” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို ယမန်နေ့က အသိပေးထားသည်။
” အာဏာသိမ်းမှု (၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”ဟု ကိုဆောင်းခက လူမှုကွန်ရက်၌ ရေးသားထားသည်။
မဲ့ပရိစခန်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ (၅) တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုထားပြီး အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ကြီးနှင့် ဖမ်းမိသော စစ်သုံ့ပန်းများ။(ဓာတ်ပုံ – Thoo Lei)