လက်နက်အားကိုးဖြင့် ရှင်ဘုရင်လုပ်နိုင်ပြီဟု လက်ခံထားသော စစ်အာဏာရှင်ကို တိုင်းရင်းသားများနှင့်ပူးပေါင်း၍ တော် လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်ဖြင့် တိုက်ခိုက်မည်ဟု NUG ယာယီသမ္မတ ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် သေသည်အထိ ရှင်ဘုရင်လုပ်နိုင်ပြီဟု ယူဆ လက်ခံ ထားသော စစ်အာဏာရှင်ကို တိုင်း ရင်းသားများနှင့်ပူးပေါင်း၍ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုလိုက်သည်။
နွေဦးတော်လှန်ရေး (၄) နှစ်ပြည့် ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် နိုင်ငံ တော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
မြန်မာစစ်တပ် ခေါင်းဆောင် အဆက်ဆက်က လက်နက်အားကိုးပြီး အာဏာသိမ်းနိုင်လျှင် တိုင်းပြည်ကို သေသည်အထိ ရှင် ဘုရင် လုပ်နိုင်ပြီဟု ယူဆလက်ခံထားကြောင်း၊ လက်နက်ဖြင့် အာဏာသိမ်းနိုင်လျှင် အစိုးရဖြစ်ပြီဟု ယူဆထားကြောင်း၊ အဆိုပါ အတွေးအခေါ်များသည် လက်နက်အားကိုး မင်းမူသည့် စစ်အာဏာရှင်၏ အခြေခံ အမူအကျင့် အခြေခံ စဉ်းစားချက်များဖြစ်ပြီး ယင်းဓလေ့ဟောင်းများနှင့်အတွေးအခေါ်များကို ပယ်ဖျက်နိုင်ရေး တော်လှန်ရှင်းပစ်ရမည်ဖြစ်ကြောင်း၊ တိုင်း ရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများဖြင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နေပြီး တော်လှန်သော မဟာမိတ် တပ်ပေါင်းစုအသွင်ဖြင့် ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
“မြန်မာစစ်တပ်ခေါင်းဆောင်အဆက်ဆက်က လက်နက်အားကိုးပြီး အာဏာသိမ်းနိုင်ရင် တိုင်းပြည်မှာ သေသည်အထိ ရှင်ဘုရင်လုပ်နိုင်ပြီလို့ ယူဆလက်ခံထားကြတာ ထင်ရှားပါတယ်။ လက်နက်နဲ့အာဏာသိမ်းနိုင်ရင် အစိုးရဖြစ်ပြီလို့ ယူဆထားဟန်တူပါတယ်။ ဒီအမြင်အယူအဆ အတွေးအခေါ် တွေဟာ လက်နက်အားကိုးမင်းမူတဲ့ စစ်အာဏာရှင်တွေရဲ့ အခြေခံ အမူအကျင့် အခြေခံ စဉ်းစားချက်ဆိုတာ သိသာထင်ရှားလှပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ အတွေးအခေါ်ဟောင်းတွေနဲ့ အာဏာရှင် ဓလေ့ အဟောင်းတွေကို ပယ်ဖျက်နိုင်ဖို့ တော်လှန်ရှင်းပစ်ဖို့ လိုအပ်ပါတယ်။ ယခုလည်း ကျနော်တို့ဟာ တိုင်းရင်းသား တော်လှန် ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် တော်လှန်သော မဟာမိတ် တပ်ပေါင်းစု အသွင်နဲ့ ရှေ့ဆက်လုပ်ဆောင်နေကြောင်း တင်ပြချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် စစ်တပ်အတွင်း အကြမ်းဖက်စရိုက်ကို ရွံ့မုန်းသည့် တပ်မတော်သားနှင့်စစ်ဗိုလ်ချုပ်များစွာ ကျန်ရှိနေသေးပြီး တိုင်း ပြည်နှင့် ပြည်သူလူထု၏ မျက်နှာကို ထောက်ကာ အမြန်ဆုံး ပြည်သူနှင့်အတူ ပူးပေါင်းကြရန်လည်း ၎င်းက ပန်ကြားလိုက်သည်။
“တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး မြန်မာစစ်တပ်ထဲက တပ်မတော်သား စစ်စစ်တွေနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး အကြမ်းဖက်စစ်ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျနော့်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ စစ်အာဏာရှင်စနစ်တစ်ခုလုံးအမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင် ယန္တရားအောက်က တပ်မတော်သားတွေ၊ အမှုထမ်းတွေအရာထမ်းတွေ ဘက်ပြောင်းပါဝင်မှုဟာအင်မတန်အရေးကြီးကြောင်း ထပ်မံ ပြောကြားလိုပါတယ်။ ”ဟု ယာယီသမ္မတက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏အသံကို နားထောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေး၊ တော်လှန်ရေး လောကဓံများ မည်သို့ ပင်ကြုံတွေ့ရစေကာမူ ပြည်သူကို မျက်နှာမူပြီး ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ထုတ်ဖော်ပြောဆိုသွားသည်။