ရန်ကုန်တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များသိမ်းဆည်းပြီး စစ်မှုထမ်းရန်အကြပ်ကိုင််မှုများရှိ
ဓါတု
မဇ္ဈိမ။ ။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဧည့်စာရင်းစစ်ရင်းမှတ်ပုံတင်ကတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကသိမ်းဆည်းပြီး စစ်မှုထမ်းဆောင်ရန်အကြပ်ကိုင်နေကြောင်းမြို့ခံများနှင့် ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network) ထံကသိရသည်။
ယခု ဇန်နဝါရီလ ဒုတိယနှင့် တတိယအပတ်အတွင်း ပုဇွန်တောင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီးအကြောင်းရင်းမရှိသိမ်းဆည်းသွားပြီး ရပ်ကွက်ရုံးသို့သွားရောက်ရွေးယူသည့်အခါတွင်လည်း စစ်မှုထမ်းရန်ဖိအားပေးနေကြောင်း ကြုံတွေ့ရသူများက ဆိုသည်။
“လွန်ခဲ့တဲ့နှစ်ရက်က ဧည့်စာရင်းဆိုပြီးမှတ်ပုံတင်တွေပြခိုင်းတယ်ပြီးတော့ သိမ်းသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဲ့ဒီလိုသိမ်းခွင့်ရှိလား။ ပိုက်ဆံနဲ့သွားရွေးတော့လည်း မှတ်ပုံတင်သိမ်းထားတဲ့သူတွေထဲက ကြိုက်တဲ့တယောက်က စစ်မှုထမ်းရမယ်ပြောလို့ ခုထိဘယ်သူမှ သွားမရွေးရဲကြဘူး”ဟု စစ်တပ်ထောက်ခံသူတဦးက မဇ္စျိမကို ပြောသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းတွင်းတွင်မူ စစ်ကောင်စီတပ်သားများနှင့်အုပ်ချုပ်ရေးမှူးတို့က ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၅ရက်နေ့) ညပိုင်းလောက်တွင် ဧည့်စစ်၀င်ရာတွင် အသက်ပြည့်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၈ ဦးကို မှတ်ပုံတင်သိမ်းသွားခဲ့သည်ဟု မင်္ဂလာတောင်ညွှန့်ကင်းထောက်အဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါ မှတ်ပုံတင် အသိမ်းခံရသူများအနက် ရှစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နံနက်ပိုင်းတွင် ရပ်ကွက်ရုံးထံ၌ စစ်မှုထမ်းဖောင်ဖြည့်ခိုင်းကြောင်းသိရသည်။
အဆိုပါမြို့နယ်များတွင် စစ်မှုထမ်းရန်အကြပ်ကိုင်မှုများရှိသလို အခြားမြို့နယ်အချို့တွင်လည်း မှတ်ပုံတင်ကတ်ကိုသိမ်းဆည်းပြီး နောက်ရက်တွင် ငွေညစ်နေမှုများလည်းရှိကြောင်း Rangoon Scout Network မှတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
“မှတ်ပုံတင်ယူသွားပြီး နောက်နေ့မနက်မှာ ဒဏ်ကြေးလာထည့်ဆိုပြီး ငွေညစ်တာ။ ပုံသေတော့ မရှိပါဘူးဗျ။ ဒေသနဲ့ အခြေအနေကိုလိုက်ပြီး ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ တောင်းတတ်တာ သိထားပါတယ်”ဟု၎င်းကပြောသည်။
လက်ရှိတ့င် ရန်ကုန်မြို့ရှိ သာကေတ၊ သင်္ဃန်းကျွန်း၊တောင်ဒဂုံ၊ရွှေပြည်သာ၊လှိုင်၊ဗဟန်းစသည့် မြို့နယ်များတွင် အမျိုးသမီးများစစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာစာရင်းကောက်ခံခြင်း၊ ဆင့်ခေါ်စာများပို့ခြင်းများ လုပ်ဆောင်နေကြောင်း Rangoon Scout Network ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြို့နယ်တိုင်းရှိ ရပ်ကွက်အများစုတွင်လည်း အမျိူးသားများကိုဖမ်းဆီးခေါ်ဆောင်မှုများမှာ နေ့စဥ်နှင့်အမျှလုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ခံများ၏ အဆိုအရသိရသည်။
“ လူငယ်ပိုင်းတွေ အထူးသဖြင့် အမျိုးသားတွေပေါ့ မျက်နှာတွေဆိုတာ ညှိုးငယ်နေတာပဲ။ လန်းလန်းဆန်းဆန်းတက်တက်ကြွကြွမရှိကြတော့ဘူး။ ကိုယ်တွေလို အဘွားကြီးတွေလောက်တောင်တက်ကြွမှုမရှိဘူး။ စိတ်လည်းမကောင်းဘူး မြင်ရတွေ့ရတာတွေက ”ဟု ရန်ကင်းမြို့နယ်နေ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဋ္ဌာန်းပြီး စစ်သားစုဆောင်းမှုများ ပြုလုပ်နေသည်။ စစ်သင်တန်းဆင်းများကို တိုက်ပွဲနယ်မြေများသို့ပို့ဆောင်နေပြီး တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုများ၊ ထွက်ပြေးမှုများရှိနေသည်။
စစ်ကောင်စီက ပြည်သူလူထုအားအတင်းအဓမ္မစစ်သားစုဆောင်းနေပြီး သုံးလခန့်သင်တန်းပေးပြီးနောက် ရှေ့တန်းနယ်မြေများကို စေလွှတ်နေကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။ တပ်သားစုဆောင်းခံရသူများအနေဖြင့် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ နီးစပ်ရာ တော်လှန်ရေးတပ်များထံ လာရောက်ပူးပေါင်းကြရန် တိုက်တွန်းထားကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ရန်ကုန်မြို့တွင်ကျင်းပသည့် ရေကျော်ပွဲစျေးအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် လည်ပတ်နေကြသည့် ရန်ကုန်မြို့နေပြည်သူများ (ဓာတ်ပုံ-AFP)