ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ

by

in

ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်နှင့်ဧရာ၀တီတိုင်း အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်း ဧရာဝတီအစပ် ရခိုင်ရိုးမတောင်တလျှောက် ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း၊ ရခိုင် ရိုးမ တောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့ နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိသည့်အပြင် ရိုးမတောင်တလျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရှိရသည်။
“ဒီနေ့ မနက်ပိုင်းက ပုသိမ်က ဂျက်ဖိုက်တာ နှစ်စီး ရခိုင်ရိုးမပေါ်ဘက်ကို ပျံသန်းသွားတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ မသိသေးဘူး” ဟု ပုသိမ် ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့၏ သတင်းအထူးတပ်ဖွဲ့ကလည်း သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် အစပ် ရခိုင်ရိုးမပေါ်တွင် စစ်ရဟတ်ယာဉ် MI35 တစ်စီး ကင်းပတ်လှည့် ပျံသန်းနေကြောင်း ယနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် AA က ရခိုင်-ဧရာဝတီအစပ် ဧရာဝတီတိုင်းထဲမှ စစ်ကောင် စီ၏ ပွိုင့် ၃၆၉ စခန်းနှင့် ပွိုင့် ၂၆၃ တပ်စခန်းတို့ကို ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၆ ရက်တို့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်ခဲ့သည်။
တပ်စခန်းများ သိမ်းပိုက်ခိုက်ခံရခြင်းနှင့် AA ၏ ထိုးစစ်မှာ ဆက်လက်ရှိနေသေး၍ အာဏာသိမ်း စစ်ကောင်စီတပ်တို့သည် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်းလည်း ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“AA ရဲ့ ထိုးစစ်က ရပ်မှာမဟုတ်ဘဲ ဧရာဝတီထဲက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ပုသိမ်မြို့နယ်တစ်ဝိုက်ကို ပိုလုံခြုံရေးတင်းကျပ်ထားသလို လေကြောင်းကလည်း ကင်းထောက်မှုတွေ ပိုလုပ်လာတယ်။ သိမ်းပိုက်ခံလိုက်ရတဲ့ တပ်စခန်းတွေဘက်ကိုလည်း လေကြောင်းတိုက်မှုက ပိုလုပ်မှာပါ” ဟု ၎င်းက သုံးသပ်ထားသည်။
အာရက္ခတပ်တော် AA က ဧရာဝတီတိုင်းထဲက တပ်စခန်းများကို သိမ်းပိုက်သည့်အပြင် ရခိုင်နှင့်ပဲခူးအစပ်က ရခိုင်ရိုးမတောင်ပေါ်ရှိ မိုးထိတောင်တပ်စခန်းကိုလည်း သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းပိုင်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ စစ်ကောင်စီ၏ တမခ ၉၉ လက် အောက် ခံ ခမရ ၄၁၉ ၊ ၁၄ တပ်ရင်း ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်ရိုး မတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေပြီး စစ်ကောင်စီဖက်ကလည်း ပဲခူး တိုင်းဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကာ နှစ်ဖက်တိုက်ပွဲများ ပြင်း ထန်လျက်ရှိနေသည်။
အာရက္ခတပ်တော် AA က ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် ရခိုင်ရိုးမကို ကျော်လွန်ကာ မကွေး၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသများက စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။
ဓာတ်ပုံ- ရခိုင်နှင့်ဧရာ၀တီတိုင်းအစပ်တွင် ကင်းလှည့်နေသော AA တပ်ဖွဲ့ဝင်များ။