ပြင်ဦးလွင် – မိုးကုတ် လမ်းခရီး ရှိသမျှလမ်း အကုန်ပိတ်ထား

by

in

ပြင်ဦးလွင် – မိုးကုတ် လမ်းခရီး ရှိသမျှလမ်း အကုန်ပိတ်ထား
မဲခေါင်၊ ဩဂုတ် ၂၁

မန္တလေးတိုင်း၊ ပြင်ဦးလွင် – မိုးကုတ် လမ်းခရီးကို တိုက်ပွဲအခြေနေအရ ရှိသမျှလမ်း အကုန်ပိတ်ထားပြီး ဘယ်လမ်းကမှ သွားလာလို့ မရတော့ဘူးလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မနေ့ ဩဂုတ်၂၀ ရက်နေ့ကစပြီး မိုးကုတ်မြို့နယ်အရှေ့ပိုင်း၊ ပန်းမထိပ်ရွာက လွှတ်ပေးပေမယ့် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာကို တော်လှန်ရေး အင်အားစုတွေက ကျော်ခွင့် မပေးတော့ဘူးလို့ သိရပါတယ်။
အလားတူ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို စတဲ့လမ်းတွေကနေ ပတ်သွားတဲ့ ကားတွေကိုလည်း တော်လှန်ရေး အင်အားစုတွေက နောင်ချိုမြို့နယ်၊ ဆမ်ဆယ်မှာ ပိတ်ထားတယ်လို့ ဆိုပါတယ်။
“လမ်းကတော့ ပိတ်ထားပေမယ့် မနက်ဖြန်၊ သန်ဘက်ခါ ထွက်မယ့်ကားတွေတော့ လူခေါ်နေတယ်။ ဟိုခိုလမ်းက ရအောင်သွားမယ်လို့ ပြောနေကြတယ်။ မနေ့ကတော့ ဟိုခိုဘက်မှာ ပေးမဖြတ်လို့ လှည့်ပြန်ခဲ့ရတယ်” လို့ မိုးကုတ်မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ပြင်ဦးလွင် – မန္တလေးလမ်းမကြီးကို ပိတ်ထားတာဟာ ၂ လနီးပါးကြာပြီဖြစ်တာကြောင့် ယာဉ်လိုင်းတွေဟာ နောင်ချို၊ ကျောက်မဲ၊ ဟိုခိုလမ်းတွေကနေ ပတ်သွားနေရပြီး ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာလည်း ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတာကြောင့် ခရီးသည်တွေအတွက် ညအိပ်ညနေ လမ်းတာရှည်မှုတွေ ကြုံတွေ့နေရပါတယ်။
“လမ်းခရီးတော့ ကျနော်တို့လည်း အာမခံချက် မရှိဘူး။ ရောက်တဲ့နေရာ အိပ်ရင်အိပ်ရမှာပဲ။ တခါတလေ ဝက်ဝံဂိတ် မလွှတ်ရင် အဲနားမှာ ထိုးအိပ်။ တခါတလေ ပြင်ဦးလွင် တက်အိပ်ပေါ့။ မန္တလေး – ပြင်ဦးလွင်က တခါတလေ မနက်ပိုင်း မလွှတ်ချင်လို့” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်တုန်းကလည်း စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့နယ်၊ အင်ဝိုင်းသကြားစက် အနီးက တံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် နောင်ချိုလမ်းဘက်က ပတ်သွားတဲ့ ယာဉ်တွေဟာ အင်ဝိုင်းဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့ရပါသေးတယ်။
လတ်တလော မိုးကုတ် – ပြင်ဦးလွင် – မန္တလေးကားခဟာ လူတစ်ဦးနှုန်းကို အန်စာတုံး ၃ သိန်းကျပ်၊ ခွေးဘီလူး တစ်သိန်းခွဲကျပ် ပေါက်ဈေးရှိနေပြီး မြေပြင်တိုက်ပွဲ အခြေအနေအရ လမ်းပိတ်လိုက် ဖွင့်လိုက် လုပ်နေရတာကိုလည်း နားလည်ပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုထားပါတယ်။
MK-014
#MeKongNews