ရန်ကုန်ရှိ စီးပွားရေးကုမ္ပဏီများနှင့် လုပ်ငန်းများကို ရှေ့တန်းရောက် စစ်သားများအတွက် ထောက်ပို့ငွေလှူဒါန်းရန် အတင်းအကျပ် ဖိအားပေး၊ ကုမ္ပဏီတစ်ခုလျှင် ငွေသား ၃ သိန်း မဖြစ်မနေ ထည့်ဝင်ရ

by

in

ရန်ကုန်ရှိ စီးပွားရေးကုမ္ပဏီများနှင့် လုပ်ငန်းများကို ရှေ့တန်းရောက် စစ်သားများအတွက် ထောက်ပို့ငွေလှူဒါန်းရန် အတင်းအကျပ် ဖိအားပေး၊ ကုမ္ပဏီတစ်ခုလျှင် ငွေသား ၃ သိန်း မဖြစ်မနေ ထည့်ဝင်ရ
ရန်ကုန်၊ ဩဂုတ် ၃
ရန်ကုန်တိုင်းရှိ စီးပွားရေးကုမ္ပဏီများနှင့် လုပ်ငန်းများကို ရှေ့တန်းရောက် စစ်သားများကို ထောက်ပံ့ရေး ငွေလှူဒါန်းထောက်ပံ့ရန် အတင်းအကျပ် ဖိအားပေးနေကြောင်း သိရှိရသည်။
လက်ရှိ ရှမ်းမြောက်ဒေသ အပါအဝင် တစ်နိုင်ငံလုံးရှိ ရှေ့တန်းရောက် စစ်သားများကို စိတ်ခွန်အားပေးရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးစစ်ကောင်စီအဖွဲ့များက လစဉ် စားစရာ၊ ဆေးဝါးနှင့် ရိက္ခာ၊ လူသုံးကုန်များ ပေးပို့ရန် အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားကြောင်း၊ ထို့ကြောင့် ရှေ့တန်းစစ်သားများကို ထောက်ပို့ရေး လစဉ်ဆောင်ရွက်အတွက် စီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းများကို ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် ၃ သိန်း အလှူငွေ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုင်းအစိုးရအဖွဲ့နဲ့ တင်ဒါလျှောက်တဲ့ကုမ္ပဏီတွေ လုပ်ငန်းတွေကို နီးစပ်ရာ ခေါ်ပြီး ရှေ့တန်းရောက် စစ်သည်တွေကို ထောက်ပံ့ဖို့ အလှူငွေကောက်တယ်။ K pay မရဘူး၊ Wave မရဘူး။ လူကိုယ်တိုင် ငွေသား ၃ သိန်း ရုံးကို လာပေးခိုင်းတာ” ဟု စီးပွားရေးသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ရှေ့တန်းရောက်စစ်သားများကို ဝန်ကြီးဌာနများနှင့် အလှူရှင်များက နောက်တန်းမှ ရိက္ခာနှင့်လူသုံးကုန်များ ပေးပို့နေသည့် ဓာတ်ပုံ၊ ဗီဒီယိုများကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ၊ ရုပ်သံနှင့် TV ချန်နယ်များတွင် ထုတ်ပြန် ပြသ ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငပိကြော်ပေးပို့နေကြသည့် အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။