ရန်ကုန်နှင့်မန္တလေးရှိ စက်သုံးဆီဆိုင်များတွင် ညအိပ် တန်းစီ စောင့်ဆိုင်းရသည်အထိ စက်သုံးဆီ ရရှိမှု အခြေအနေ ဆိုးဝါးလာနေ

by

in

ရန်ကုန်နှင့်မန္တလေးရှိ စက်သုံးဆီဆိုင်များတွင် ညအိပ် တန်းစီ စောင့်ဆိုင်းရသည်အထိ စက်သုံးဆီ ရရှိမှု အခြေအနေ ဆိုးဝါးလာနေ
ရန်ကုန်၊ ဩဂုတ် ၃

_cuva

ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေ ဆိုးဝါးလာသဖြင့် ဆိုင်ကယ်၊ မော်တော်ယာဉ်များ ညအိပ်တန်းစီရသည်အထိ စက်သုံးဆီ ဝယ်ယူရရှိမှု အခြေအနေ ဆိုးဝါးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး စက်သုံးဆီများ ရှားပါးမှု အခြေအနေများ ကြုံတွေ့လာရကာ ယခုနောက်ဆုံး စက်သုံးဆီများ ဝယ်ယူမရသည်အထိ ပြတ်လပ်မှုများ ကြုံလာရကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စက်သုံးဆီ ရှားပါးမှုနှင့် ပြတ်လပ်မှု ဆိုးဝါးလာသဖြင့် ဆီဆိုင်ရှေ့များတွင် ညအိပ်စောင့်ဆိုင်း ဝယ်ယူရန် ကြိုးပမ်းကြသည်အထိ ဖြစ်လာကြောင်း သိရှိရသည်။
“တချို့အိမ်စီးကားနဲ့ တက္ကစီယာဉ်တွေပါ အခုဆိုရင် ညပါ အိမ်မပြန်တော့ဘူး။ ဆီဆိုင်မလှမ်းမကမ်းမှာ ညကတည်းက တန်းစီပြီး ညအိပ်စောင့်နေကြတယ်။ ဆီကလည်း အသေအချာရမယ်လို့ ဘယ်သူမှ မပြောနိုင်လို့ ” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတွင်လည်း စက်သုံးဆီဆိုင်ရှေ့အနီးတွင် ညအိပ်စောင့်ဆိုင်း တန်းစီ၍ စက်သုံးဆီ ဝယ်ယူရန် ကြိုးပမ်း မှုများရှိနေကြောင်း သိရှိရသည်။
စက်သုံးဆီများ ပြတ်လပ်နေချိန် ယမန်နေ့ စက်သုံးဆီစျေးနှုန်းများအားလုံးကို တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် မြှင့်တင်ခဲ့ပြီး ရန်ကုန်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၆၃၀ ကျပ်ရှိရာမှ ၂၇၇၀ ကျပ်အထိ တစ်လီတာလျှင် ငွေကျပ် ၁၄၀ ၊ 95 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၇၅၀ ကျပ်မှ ငွေကျပ် ၂၈၉၅ ကျပ် အထိ ငွေကျပ် ၁၄၅ ကျပ် ၊ ဒီဇယ် HSD 500 ppm တစ်လီတာလျှင် ၂၃၆၅ ကျပ်ရှိရာမှ ၂၄၅၀ ကျပ် အထိ ငွေကျပ် ၈၅ ၊ ဒီဇယ် HSD 50 ppm နှင့် HSD 10 ppm မှာ တစ်လီတာလျှင် ငွေကျပ် ၂၇၇၀ ကျပ်မှ ၂၉၂၀ ကျပ်အထိ တစ်လီတာလျှင် ငွေကျပ် ၁၅၀ ကျပ် အသီးသီးမြင့်တက်သွားကြောင်း သိရှိရသည်။
စစ်ကောင်စီက ရေကြီးရေလျှံမှုများကြောင့် စက်သုံးဆီများ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်ယူရေး ယာယီနှောင့်နှေးခြင်းဖြစ်ကြောင်း၊ စက်သုံးဆီ ပြတ်လပ်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသော်လည်း ယနေ့အချိန်အထိ စက်သုံးဆီ ရှားပါး ပြတ်လပ်မှု ပြဿနာမှာ ပြေလာခြင်းမရှိသေးပေ။