ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးနိုင်
ရန်ကုန်၊ ဇန်နဝါရီ ၁၉
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ကပစ ၂၁ ဗုံးသီးထုတ် စက်ရုံ အတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပြီး ပျက်စီးမှု အသေးစိပ်နှင့် နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်ခြင်းသည် ကပစ ၂၁ စက်ရုံက နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကျဲ သတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို အဓိက ထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်သည့်အတွက် လေတပ် ဆက်စပ် ပစ်မှတ်အဖြစ် သော်လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်း သတ်မှတ်၍ Brave Warriors for Myanmar (BWM) အဖွဲ့က Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အဖွဲ့အနေနဲ့ တော်လှန်ရေးအတွက် အကောင်းဆုံး ဆက်လက်ကြိုးပမ်းနေပါတယ်။ ပြည်သူတွေ ဆက်လက်တောင့်ခံဝ န်းရံပေးထားကြဖို့ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့၊No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နှင့် ဒေသခံ တော်လှန်ရေး ရဲဘော်အင်အားစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း စစ်ဆင်ရေး Misison 31 ဖြစ်မြောက်ရေးအတွက် တတ်နိုင်သော ကဏ္ဍမျိုးစုံမှ ပူးပေါင်း ပါဝင် ပေးခဲ့ကြသည့် မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ ရှေ့ဆက်၍လည်း ထိရောက်သော တော်လှန်ရေးအရွေ့ဖြစ်စေမည့် အကြီးစားစစ်ရေးပစ်မှတ်များကို ရှာဖွေဖော်ထုတ်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။