ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြော
ဇန်နဝါရီ ၁၉၊ ၂၀၂၅
စစ်ကောင်စီက၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ်ကလူထုရဲ့ ဆန္ဒကို ငြင်းပယ်ပြီး ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းကာ အကြမ်းဖက် စစ်အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်အောင်လုပ်ဆောင်ဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားလိုက်တာပါ။
မင်းအောင်လှိုင်မှ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်မှာ ကျင်းတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များမှာ အဆင့်နဲ့အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရပါမယ်”လို့မင်းအောင်လှိုင်က ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်း အစိုးရအဖွဲ့ကို ရွေးကောက်ပွဲဖြစ်မြောက်အောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖို့ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်ကျင်းပဖို့ ဖိအားပေးပြောဆိုမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရာနှုန်းပြည့်မှန်ကန်ခြင်းမရှိတဲ့ သန်းခေါင်စာရင်းကို အခြေပြုပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကိုကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၀၀ ကျော်လောက်မှသာ ရွေးကောက်ပွဲပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။
လွှတ်တော်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မင်းအောင်လှိုင်ရဲ့ ပြောကြားမှုကို ၂၀၂၁ မှာ အနိုင်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဘက်ကတော့ တုံ့ပြန်ပြောဆိုလာခြင်းမရှိသေးပါဘူး။