မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား
ဇန်နဝါရီ ၁၉၊ ၂၀၂၅
နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအသုံးပြုနေတဲ့ အဓိကလမ်းပိုင်းတွေနဲ့ မီးရထားလမ်းတွေ အပါအဝင် မြစ်ကြောင်းတချို့ကိုပါ ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေပြ သရုပ်ဖော်ပုံများ အပိုင်း (၁)မှာ ဖော်ပြထားတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုမှာ လမ်းပိုင်းတွေကို အဓိက စိုးမိုးထားနိုင်မှုကလည်း အရေးပါပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဂိတ်နဲ့ကင်းစခန်းတွေကင်းစင်သွားတဲ့အထိ နယ်မြေတွေကို စိုးမိုးထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
မဟာဗျူဟာမြောက်တဲ့လမ်းတွေကို စိုးမိုးထိန်းချုပ်နိုင်မှုအဖြစ် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း၊ မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း အစရှိတဲ့ အရေးပါတဲ့ လမ်းပိုင်း ၁၀ ခုကို ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တစ်ဆက်တည်းမှာပဲ မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းပိုင်းကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ ရေးသားထားပါတယ်။ ရေလမ်းကြောင်းတွေအဖြစ် ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းက နေရာတချို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ရှိနေပြီး အဲဒီထဲက ၄၈ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်အုပ်ချုပ်ကာ ၉၆ မြို့နယ်ကိုတော့ စိုးမိုးအုပ်ချုပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်းက ၇၉မြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ၁၀၇ မြို့နယ်ကို စစ်ကောင်စီဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ရေးသားထားပါတယ်။
ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးရဲ့ မြို့နယ်စုစုပေါင်း ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ပွါးနေကာ စစ်ကောင်စီလက်ထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ ရာခိုင်နှုန်းကတော့ ၃၂ ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့ သိရပါတယ်။