ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ထိုးစစ်ဆင်

by

in

ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ထိုးစစ်ဆင်
~~~
■ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) နဲ့ လက်ကျန်တပ်ရင်းတွေကို ကချင်လွတ်မြောက်ရေးတပ်တော် (KIA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကလည်း ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းအထိ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ နေရာအများစုကို KIA က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ စကခ-၂၁၊ ခလရ-၄၇ နေရာနဲ့ အနီးတစ်ဝိုက်မှာ ခံစစ်ပြင် အင်အားစုဖွဲ့ပြီး ခုခံနေတာပါ။
ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ စကခ-၂၁ အနီးတစ်ဝိုက်က ဧရာဝတီ မြစ်ကမ်းဘက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စကစ-၂၁ နဲ့နီးတဲ့ ကမ်းနားဘက်မှာ တိုက်ပွဲတွေ ရှိတယ်။ တခြားနေရာတွေမှာတော့ KIA တွေပဲ ဖြစ်သွားပြီ။ ဒီနေ့မနက်လည်း လေယာဥ်နဲ့ လာပစ်တာရှိတယ်။ လေယာဥ်ကတော့ နေ့တိုင်း လာနေတယ်။ တစ်ခါတစ်ခါဆိုရင် တစ်နေကုန်တောင် ပျံနေတာ။ လက်နက်ကြီး၊ လေယာဥ်ပစ်လို့ နေအိမ် မီးလောင်တာတွေလည်း နေတိုင်းရှိနေတယ်”
စစ်ကောင်စီတပ်ကတော့ စကခ-၂၁ နဲ့နီးကပ်တဲ့ လူနေအိမ်တွေကို ဖျက်ဆီးပြီး ပစ်ကွင်းရှင်းလင်းနေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဗန်းမော်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမဲ့ စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေ သိမ်းနိုင်တဲ့အခြေအနေတော့ မရှိသေးဘူးလို့ ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တို့ကို KIA က ဒီဇင်ဘာ ၄ ရက်နေ့မှာ တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့က တပ်စခန်းတွေအားလုံးကိုတော့ ဇန်နဝါရီ ၈ နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA က ပြောပါတယ်။
____
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဥ်။ (STR / AFP Photo)