“တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်၊ မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ

by

in

“တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်၊ မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ
🟥 KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း
ရန်ကုန်၊ ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏ အနာဂတ်” ဆိုသော သင်ခန်းစာများ လာရောက်ပို့ ချကြောင်း၊ ထိုသို့ ပို့ချရာတွင် တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ စစ်တပ်က နိုင်ငံတော်ကြီး ဆက်လက် တည်မြဲရေးအတွက် ဆက်လက်တည်ရှိသွားရမည်ဖြစ်ပြီး စစ်မှုထမ်း သင်တန်း သားများမှာ နိုင်ငံတော်အတွက် မရှိမဖြစ် အရေးပါသော သူများဖြစ် သည်ဆိုသော ဝါဒဖြန့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
” တပ်မတော် မရှိရင် နိုင်ငံတော်ကြီး ပြိုကွဲတော့မယ်။ ပြည်ပ ဩဇာခံ ဖြစ်ပြီး ကိုလိုနီဘ၀ ပြန်ရောက်တော့မယ်။ အဲဒါကြောင့် တပ်မတော်က နိုင်ငံတော်ကို ကယ်တင်နေတာ။ တပ်မတော်က မကယ်တင်ရင် နိုင်ငံတော်ကြီး ပျက်သုန်းတော့မယ် အဲဒါကိုတော့ သင်တန်းကျောင်းမှာ လာရောက် သင်ကြားပို့ချပါတယ်” ဟု လက်ရှိ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ တက်ရောက်နေသော တပ်သားသစ် သင်တန်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်းသင်တန်းများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုသော စကားများကိုလည်း သင်ကြားရပြီး ယင်းသင်ကြားပို့ချမှုအတွင်း KIA ၊ MNDAA ၊ AA၊ TNLA အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှာ ပြည်ပ ဩဇာခံ အဖွဲ့များဖြစ်ကြောင်း၊ ယင်းအဖွဲ့များကြောင့် မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်သို့ ကျရောက် မည်ဖြစ်ကြောင်း ၊ တိုင်းတစ်ပါး ကျွန်မဖြစ်ရေးအတွက် ယင်းသို့သော ပြည်ပဩဇာခံ အဖွဲ့များကို တိုက်ထုတ်ရမည်ဟု ဝါဒဖြန့် သင်ကြားပို့ချနေကြောင်း သိရှိရသည်။
အလားတူ ယနေ့ နိုင်ငံတော်ကို စစ်တပ်က အာဏာထိန်းထားခြင်းဖြစ်ပြီး မဲမသမာမှုဖြင့် အာဏာရယူရန် ကြိုးစားခြင်းကြောင့် အာဏာရယူထားခြင်းဖြစ်ကြောင်း၊ NLD ပါတီက NUG ၊ NUCC နှင့် CRPH ၊ PDF များအဖြစ် လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုကို ဖြိုခွဲနေသူများဖြစ်ကြောင်း၊ စစ်မှုထမ်း သင် တန်း သား များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်ရန် အသက်စွန့်၍ ကြိုးပမ်းရမည်ဟု သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
“သူတို့ ပြောနေတာတွေက မဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အဲဒါကို နေ့တိုင်း၊ အပတ်စဉ်တိုင်း ပို့ချတယ်။ သင်တန်းကာလအတွင်းမှာ အဲဒါတွေကိုပဲ ထပ်ခါ ထပ်ခါ ပို့ချတယ်။ အမြဲတမ်း နားထောင်နေရတာပါ” ဟု စစ်မှုထမ်း သင်တန်းအပတ်စဉ် ၅ ဆင်း တပ်သားတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် စစ်ရေး၊ စာတွေ့နှင့် ပစ်ခတ်မှု သင်တန်းများ ပို့ချသည့်အပြင် အပတ်စဉ် ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပွဲများ၊ ကာရာအိုကေများကိုလည်း ပြုလုပ်ကြောင်း၊ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်ခြင်းနှင့်အတူ အပျော်များကိုပါ လုပ်ဆောင်ပေးခြင်းဖြင့် စစ်မှုထမ်း သင်တန်းသားများကို ၎င်းတို့ဘက်သို့ ပါလာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်နေကြောင်း၊ စစ်မှုထမ်း သင်တန်းများတွင် လက်ရှိ စစ်တပ်က မြန်မာနိုင်ငံအတွက် မရှိမဖြစ် ရှိရမည်ဆိုသော အယူအဆ သဘော ထားများကို အဓိက ဦးတည် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။