မကျီးဇင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စခန်းများကို စွန့်ခွါထွက်ပြေး
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွါကာ ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့တွင် မကျီးဇင်ကျေးရွာရှိ စစ်စခန်းများကို AA ကသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွါထွက်ပြေးမှုများရှိကြောင်း သိရသည်။
“တပ်ပြေးတွေကတော့ရှိတယ်။ တွေ့ရာလမ်းကနေပြေးပြီး ကျေးရွာထဲကနေ ထမင်း၊ ဟင်းတောင်းစားကြတယ်တဲ့။ အန္တရာယ်တော့မပြုဘူး။ သူတို့ဘာသာကိုနယ်မြေမကျွမ်းလို့ ပြန်အဖမ်းခံရတာတွေရှိတယ်။ AAကမိသွားတာတွေလည်းရှိတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ စစ်မှုထမ်းဥပဒေဖြင့် သင်တန်းပေးပြီး အတင်းအကြပ်ခေါ်ဆောင်ခံထားရသည့် လူငယ်အများစုဖြစ်ကြောင်း သိရသည်။
AAက မကျီးဇင်တိုက်နယ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထွက်ပြေးရာ ကိုးဦးကို အရှင်ဖမ်းမိပြီး နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဧရာဝတီတိုင်းတပ်မများမှ ထုတ်နှုတ်ခေါ်ဆောင်လာပြီး ရွှေသောင်ယံမြို့တွင် ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းထိ ကူးစက်လာသည့် စစ်ရေးကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံး၍ တိုက်ခိုက်နေပြီး ဘောမိကျေးရွာအထိ ရောက်ရှိလာသည့် AAတပ်ဖွဲ့များကို စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့်ပါ ပစ်ကူတိုက်ခိုက်နေကြောင်း သိရသည်။
ထိုသို့တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ စခန်းအတွင်းမှ အစုလိုက်ထွက်ပြေးမှုများရှိကြောင်း သိရသည်။
#ဧရာဝတီ #မကျီးဇင် #စစ်ကောင်စီ #ထွက်ပြေး #Ayeyarwaddy_Times