ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာရှိ ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များ၊ ဥယျာဉ် မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများထံသို့ သိန်းရာချီ လာဘ်ထိုး၍ ရောင်းစား

by

in

ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာရှိ ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များ၊ ဥယျာဉ် မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများထံသို့ သိန်းရာချီ လာဘ်ထိုး၍ ရောင်းစား
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများကို သိန်းရာချီ လာဘ်ထိုး၍ ရောင်းစားမှု ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်းတွင် စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသော တပ်မ ၂ ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းထံသို့ မြောက်ဥက္ကလာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး အောင်လောဟာကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ချမ်းမြေ့ဝင်းတို့ထံသို့ ငွေကျပ် သိန်း ၁၀၀ စီ ပေး၍ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မီးတားမြေကွက်များ၊ ဥယျာဉ်ခြံမြေများ၊ ချောင်းကမ်းဘေး မြေကွက်များကို ဌ ရပ်ကွက် ဥက္ကဋ္ဌ အောင်မြင့်ကျော်နှင့်အဖွဲ့က ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ရောင်းချတဲ့ မြေကွက်တွေက ခွာညို ၁ လမ်း ကနေ ခွာညို ၇ လမ်းအထိ ပြည်သူပိုင်မြေကွက်တွေ၊ ခေမာ ၉ လမ်းနဲ့ စံပယ် ၁၀ လမ်းမှာရှိတဲ့ ဗိုလ်မှူးထွန်းစိန်းချောင်းကမ်းနဲ့ ထိစပ်နေတဲ့ ပြည်သူပိုင်မြေကွက်တွေနဲ့ သစ္စာပန်းလမ်း ခြံအမှတ် ၅၁ ကနေ ခြံမှတ် ၄၈ အကြားမှာရှိတဲ့ ရပ်ကွက်ပိုင် မီးတားမြေကွက်တွေကို ရောင်းစားတာ။ မြေကွက်တွေက မြေကွက်ကျယ်ကြီးတွေပါ။ မီးတာမြေကွက်ဆိုရင် အနံပေ ၃၀ နဲ့ အလျား ပေ ၄၀၀ ရှိတဲ့ မြေကွက်တွေဖြစ်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
မြေကွက်များကို သိန်းရာချီစျေးသတ်မှတ်၍ မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက် ဥက္ကဋ္ဌ အောင်မြင့်ကျော်၊ ရာအိမ်မှူး မျိုးညွန့်တို့က ရောင်းချကြခြင်းဖြစ်ပြီး မြဥယျာဉ်ရေသန့်ပိုင်ရှင်ကလည်း ပူးတွဲပါဝင်နေကြောင်း သိရှိရသည်။
“မြောက်ဥက္ကလာကို မြို့ကွက်ဖော်ကတည်းက မီးတားမြေနဲ့ စားကျက်မြေ၊ ဥယျာဉ် ဘောလုံးကွင်းမြေတွေ ပါတယ်။ အခုတော့ အဲဒါတွေက ကုန်ပြီ။ စစ်တပ်က အာဏာအရှိဆုံးဖြစ်သော စစ်တပ်မှာ ရန်ကုန်ကို တာဝန်ယူတဲ့ စစ်ဒေသမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းကို သိန်း ၁၀၀ ပေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ထွေ/အုပ် သိန်း ၁၀၀ ၊ ဗိုလ်မှူးချမ်းမြေ့ဦးကို သိန်း ၁၀၀ ၊ စည်ပင်ကို သိန်း ၁၀၀ ပေးပြီး ရောင်းစားသွားတာ။ ပြည်သူတွေက ဒါတွေကိုသိတယ်။ ရောင်းစားတဲ့ မြေကွက်တွေရဲ့ တန်ဖိုးကလည်း မနည်းလှဘူး။ လာဘ်ထိုးတာရင် သိန်း ရာချီလာဘ်ထိုးတာဆိုတော့ ရောင်းချရာမှာလည်း ဒီထက်မနည်းတဲ့ ပမာဏ ပြန်လည် ရရှိတာပါ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် မြေကွက်ပေး၍ အခန်းပေး၊ အခန်းယူ ကန်ထရိုက်တိုက် ဆောက်လုပ်သည့် လုပ်ငန်းများလည်း အလွန်တွင်ကျယ်စွာ ယင်းသို့ ကန်ထရိုက်တိုက်ဆောက်လုပ်ရန်အတွက် စည်ပင်နှင့်စစ်တပ်ကို လာဘ်ငွေပေး၍ ကြုံရာကျပန်း တည်ဆောက်ခွင့်ရနေကြောင်း သိရှိရသည်။
“မြေကွက် ၁၀ ပေဆောက်ရှိရင် ၂ ဦးလောက်စပ်ပြီး ကန်ထရိုက်အပ် အခန်းပေး အခန်းယူလုပ်ပြီး ၆ ထပ်တိုက်တွေ ဆောက်ကြတာပဲ။ အဲဒီမြေကွက်တွေက ဘာစာရွက်စာတမ်းမှမရှိဘူး။ ကျူးကျော်တွေပေါ့။ ကန်ထရိုက်ကလည်း မြေရှိရင်ပြီးရော ဆောက်တယ်။ စည်ပင်နဲ့ စစ်တပ်ကို လာဘ်ထိုးပြီး ဆောက်ကြတာ။ ကန်ထရိုက်တာတွေက စည်ပင်ကို ငွေပေးတယ်။ စစ်တပ်ကို လာဘ်ပေးတယ်။ BCC ဆောက်လုပ်ခွင့် က နောက်ကိစ္စ လောလောဆယ်အရင် ဆောက်ကြတယ်” ဟု မြောက်ဥက္ကလာပမှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှစတင်၍ စည်ပင်နှင့် စစ်တပ်က ရန်ကုန်တွင် အများပိုင်မြေကွက်များကို အဆင့်ဆင့် တရား မဝင် ရောင်းချခြင်း၊ ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့်များ တရားမဝင်ခွင့်ပြုပေးခြင်းတို့ကြောင့် စည်ပင်နှင့်စစ်ဒေသ နယ်မြေမှူးများမှာ အလွန်ကြွယ်၀ချမ်းသာလာကြကြောင်း ရန်ကုန် တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- အလယ်တွင်ရှိနေသူမှာ မြေကွက်များကို လာဘ်ငွေယူ ရောင်းချခွင့်ပေးနေသူ တပ်မ ၂ ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းဖြစ်သည်။