ငဖဲတွင် ခံစစ်ပြင်နေသည့် စစ်တပ်ကို AAနှင့်မဟာမိတ်များဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်း​နေ

by

in

ငဖဲတွင် ခံစစ်ပြင်နေသည့် စစ်တပ်ကို AAနှင့်မဟာမိတ်များဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်း​နေ
တာရာ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။
ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းရှိ ရိုးမတောင်ကြားလမ်းတွင် ဇန်နဝါရီ ၁၃ ရက်​နေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။
“မနေ့ကတည်းက စကစဘက်က မင်းဘူး တပ်မ (၈၈ )ထဲကနေ လက်နက်ကြီးနဲ့ လူတွေ ကားအစီး ၂၀ လောက်နဲ့ စစ်ကူပို့နေတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ လေကြောင်းက တောက်လျောက်ဗုံးကျဲနေတယ်”ဟု ၎င်းကဆက်​ပြောသည်။
AA နှင့် မဟာမိတ်တပ်များက ဇန်နဝါရီ ၅ ရက်တွင် တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အ​စောင့် စက်ရုံ နှင့်အမြောက်တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ထို့နောက် စစ်ကောင်စီတပ်က ဂုတ်ကြီးရွာတွင် ခံစစ်ပြင်ထားသည်ဟု ဒေသခံများကပြောသည်။
ထို့အပြင် ဇန်နဝါရီလ၄ရက်နှင့်၅ရက်က တောင်ဇောက်ကျေးရွာအပါအဝင် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကိုလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားကြောင်း ချင်းကာကွယ်ရေးတပ်(အရှို)နှင့်လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ထားသည်။
“စကစရဲ့ ကပစ (၁၄) ကို အေအေ လာတိုက်မှာကြောက်လို့ ခံစစ်အသဲအသန်ပြင်နေတာပါ။”ဟု အခြားဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ကပစ-၁၄ (အမှတ်-၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ)ကို ကာကွယ်ရန်အတွက် ငဖဲမြို့နှင့် ရွှေစက်တော်ဘုရားအနီးတွင် အင်အားတိုးချဲ့ချထားပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်လည်း စစ်ရေးတင်းမာနေသည်ဟု ဒေသခံများထံမှသိရသည်။
(အမ်းမြို့သိမ်းတိုက်ပွဲမှ AA တပ်ဖွဲ့ဝင်များ/ အမ်း-ပဒါန်းလမ်း​ပေါ်ရှိ ဂုတ်ကြီးရွာတွင် ၂၀၂၄ နိုဝင်ဘာလက စစ်တပ်ကိုတိုက်ခိုက်​နေ​သော PRA မ​ကွေးမှတပ်ဖွဲ့ဝင်အချို / အမ်း -ပဒါန်းလမ်းပိုင်း
နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု။
ဓါတ်ပုံ-AA Info Desk ၊ PRA (မ​ကွေး))