ပန်းတောင်းသို့ စစ်ကောင်စီ စစ်အင်အားဖြည့်၊ စက်လေထီးဝဲပျံ ကင်းထောက်
ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့သို့ ဇန်နဝါရီလ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး မြို့ကောင်းကင်ယံ၌လည်း စက်လေထီးများဝဲပျံကင်းထောက်မှုများရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ပန်းတောင်းမြို့သည် အာရက္ခတပ်တော်( AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့်နယ်နိမိတ်ချင်းထိစပ်ရာမြို့ဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များ တည်ရှိရာမြို့လည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ခန့်မှ စတင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်အထိ နေ့စဥ် စက်တပ်လေထီးများဝဲပျံကင်းထောက်မှုများရှိနေကြောင်းလည်း ပန်းတောင်းဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် (၃၆၀၂) တပ်ဖွဲ့ဝင်ကလည်း ပြောသည်။
“စက်တပ်လေထီးတွေကတော့ တောက်လျှောက်ပျံနေတယ်။ မနေ့ကလည်းပျံတယ်။ တနေ့ကလည်းပျံတယ်။ ပထမနေ့ကလည်းပျံနေတယ်။ မနေ့ကဆို တန့်ကြည့်တောင်ပေါ် ကပစ (၃) အဲ့ဒီပတ်ဝန်းကျင်တွေမှာလည်းပျံတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေပိုင်းက က စစ်ကောင်စီတပ်အင်အား ၇၀ ခန့်သည် ပန်းတောင်းမြို့ကို ရောက်ရှိလာကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် ကောက်ကျေးရွာဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်သားများနှင့် ပေါင်းတလည်မြို့နယ်မှ စစ်ကောင်စီတပ်သားများစုပေါင်းကာ ပန်းတောင်းမြို့ကို အင်အားဖြည့်တင်းလာခြင်းဖြစ်ပြီး ၎င်းတို့သည် ပေါက်ခေါင်းမြို့နယ် အိုင်စောက်ရွာအရောက်တွင် ဆယ်ဘီးကား တစီးကို လမ်းတွင်ဖမ်းဆီးကာ ကားသမားကို ချန်ထား၍ ကားကိုယူဆောင်သွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) ၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
“အဲဒီကောင်တွေကို မနေ့ကညနေ ၅ နာရီခွဲလောက် ပန်းတောင်းကိုပို့တယ်” ဟု ၎င်းကပြောဆိုသည်။
ထို့အတူ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှ တဆင့် ရခိုင်ရိုးမပေါ်နှင့် ဧရာဝတီတိုင်းဘက်သို့လည်း စစ်အင်အားပို့ဆောင်မှုများရှိနေကြောင်း သိရသည်။ ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်မြို့လမ်းဆုံမှ တဆင့် ဧရာဝတီတိုင်းဘက်သို့ စစ်ကောင်စီတပ်သားအပြည့်တင်ဆောင်ထားသော စစ်ကား ခြောက်စီး၊ ရခိုင်ရိုးမပေါ်သို့ စစ်ကား ခုနစ်စီး ထွက်ခွာသွားကြောင်း ဒေသတွင်းကင်းထောက်များ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် (၃၆၀၂) တပ်ဖွဲ့ဝင်က ပြောသည်။
တောင်ကုတ်မြို့နယ်အတွင်းနောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သော တောင်ကုတ်−ပန်းတောင်းလမ်းပိုင်းရှိ တောင်ပုံကြီး စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် (AA )နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်နိုင်ပြီဖြစ်ပြီး အဆိုပါ စခန်းမှ စစ်အင်အားများသည် ပန်းတောင်မြို့ဘက်သို့ တပ်ဆုတ်ခွာထွက်ပြေးသွားကြောင်းကို ရခိုင်ဒေသတွင်းသတင်းဌာနအသီးသီးမှ ဇန်နဝါရီ ၈ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။ အဆိုပါ တောင်ပုံကြီး တပ်စခန်းသည် ပန်းတောင်မြို့နယ် ဥသျှစ်ပင်မြို့နှင့် ၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဥသျှစ်ပင်နှင့် တောင်ပုံကြီး ကျေးရွာအကြား၌ ညောင်ခြေထောက်ကျေးရွာတွင် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ (၆)၊ ကျောက်ဖူးကျေးရွာ၌ ကပစ (၉) တို့တည်ရှိသည်။ ထို့အတူ ပန်းတောင်းမြို့နယ်အတွင်း ဆင်တဲ၌ ကပစ(၃)၊ ဒေါင်းတိုက်ရွာနှင့် ပဲကြီးရွာအနီးတွင် ကပစ(၅) တို့လည်း တည်ရှိနေသေးသည်။ စစ်ကောင်စီသည် ပန်းတောင်းနှင့် ဥသျှစ်ပင်လမ်းပိုင်း၌လည်း စစ်ပြင်ဆင်မှု၊ စစ်အင်အားချထားမှု၊ လက်နက်ကြီး အထိုင်ချတပ်ဆင်မှုများ ပြင်ဆင်ထားကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima