တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

by

in

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ
ဇန်နဝါရီ ၁၂၊ ၂၀၂၄

နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် နစ်နာသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အပြင်းအထန် ခံခဲ့ရပြီး မိသားစုဝင်တွေဟာလည်း မတန်တဆ ပြန်ပေးငွေတွေ တောင်းခံခြင်း ခံနေရကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လူကုန်ကူးရာမှာ အဓိကကျတဲ့ အကူးအပြောင်းနေရာဖြစ်ပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေက မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ကရင််နယ်ခြားစောင့်တပ််- BGF/ DKBA တို့လို လက်နက်ကိုင်အဖွဲ့တွေနဲ့ အကူအညီတွေနဲ့ အဲဒီနေရာမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဆိုပါတယ်။
နစ်နာသူအတော်များများဟာ လစာကောင်းတဲ့အလုပ်ပေးမယ်ဆိုပြီး ထိုင်းကိုလာဖို့ လိမ်လည်ခံခဲ့ရတာဖြစ်ပြီး မြန်မာပြည်ကို လူကုန်ကူးခံခဲ့ရတာဖြစ်ကြောင်း၊ မိသားစုတွေကို ပြောဆိုချက်အရ နစ်နာသူတွေဟာ လျှပ်တိုက်ခံရတာ၊ သတ်မယ် .. ကိုယ်အင်္ဂါတွေ ရောင်းစားမယ်..လို့ ခြိမ်းခြောက်ခံရတာတွေအပါအဝင် ထပ်တလဲလဲ ညှင်းပန်းခံနေရကြောင်း အဆိုပါအစီရင်ခံစာထဲမှဦ ဖော်ပြထားတာပါ။။
“ကျွန်တော်တို့ဟာ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ လှည့်စားခံရသူတွေပါ။ ကျွန်တော်တို့တွေ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဒုက္ခခံနေရပါတယ်။ သူတို့ခိုင်းတာ မလိုက်နာရင် နှိပ်စက်ခံရ၊ လျှပ်တိုက်ခံရပါတယ်။ ကျွန်တော်တို့တွေ လာအိုအာဏာပိုင်တွေဆီ အကူအညီတောင်းခဲ့ပေမယ့် သူတို့က သည်းခံဖို့ ပြောခဲ့ပါတယ်။ နောက်ဘယ်သူ့ဆီ အကူအညီတောင်းရမလဲ မသိရတာကြောင့် ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေကို မေတ္တာရပ်ခံတာပါ။ ဒီငရဲကနေ လွတ်မြောက်အောင် ကူညီပေးပါ” လို့ လာအိုနိုင်ငံသား နစ်နာသူတဦးက အရပ်ဘက်အဖွဲ့ကွန်ရက်ကတဆင့် အကူအညီတောင်းခံခဲ့တာပါ။
နစ်နာသူတွေဟာ လျှပ်စစ်ရှော့တိုက်ခံရတာ၊ ရေနွေးပူ လောင်းခံရတာ၊ အွန်လိုင်းလိမ်လည်မှုတွေ အတင်းလုပ်ခိုင်းတာတွေနဲ့ မိနစ် ၂၀ ကြာအောင် ကြိမ်နဲ့အရိုက်ခံရတာတွေလိုမျိုး ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ဒဏ်တွေကို ခံနေရကြောင်း တိုင်ကြားထားပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း ပြစ်ဒဏ်အဖြစ် လေးလံတဲ့ ရေပုံးတွေသယ်ခိုင်းကြောင်း သိရပါတယ်။
သုံးလကြာ ဖမ်းခံထားရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်က နစ်နာသူတဦးကလည်း “တရုတ်သူဌေးတွေက မင်းကို သေလားရှင်လား ဂရုမစိုက်ဘူး။ ကရင်စစ်တပ် (BGF/ DKBA) က တရုတ်တွေဆီက ပိုက်ဆံရပြီး ကျွန်တော်တို့မလိုက်နာရင် ထောင်ချတယ်။ တနေ့ကို ၁၇-၁၈ နာရီလောက် အလုပ်ခိုင်းပြီး အခြေအနေတွေကလည်း လူမဆန်နေပါဘူး။ စားစရာကလည်း စားမရဘး။ အများစုက ရေသောက်ပြီး ရှင်နေရတာ။ သူတို့ခိုင်းတာမပြီးရင် အကျဉ်းသားတွေအနေနဲ့ တနေ့ကို ၂၄ နာရီလုံး အလုပ်လုပ်ရတာ” လို့ ပြောပါတယ်။
နိုင်ငံတကာဝေဖန်မှုတွေနဲ့ သံတမန်ကြိုးပမ်းမှုတွေအပြင် ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နာမည်ကြီးမင်းသား ပြန်ပေးဆွဲခံရလို့ ထိပ်တန်းသတင်းဖြစ်လာတာတောင် တိုးတက်မှုက နှေးကွေးနေတုန်းပါပဲ။
USIP ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာက ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုလိုမျိုး တရားမဝင်စီးပွားရေးလုပ်ငန်းတွေကတဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၃.၈ ဘီလီယံခန့် ရရှိတယ်လို့ ခန့်မှန်းရပြီး ဒေသတွင်းနှင့် ကမ္ဘာ့အဆင့် စီးပွားရေးမတည်ငြိမ်မှုတွေ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။
သောကြာနေ့အစည်းအဝေးအပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ကော်မရှင်နာ Preeda Kongpaen က ၎င်းတို့အနေနဲ့ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောပါတယ်။
“ထိုင်းကတဆင့် နယ်စပ်ဖြတ်ပြီး အခေါ်ခံရသူ အရေအတွက်ဟာ ကြောက်ဖို့ကောင်းအောင် မြင့်တက်နေပါတယ်၊ ထိုင်းရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေက ဒါကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားပေမယ့် တရားဝင် ကန့်သတ်ချက်တွေနဲ့ မြေပြင်အခြေအနေတွေက အတော်လေးစိန်ခေါ်မှု ဖြစ်စေတယ်” လို့ သူကဆိုပါတယ်။
NHRC အနေနဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အရေး အရေးတကြီးလုပ်ဆောင်ဖို့ တွန်းအားပေးနေပြီး လူကုန်ကူးကွန်ရက်တွေကို တိုက်ဖျက်ဖို့နဲ့ လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဥပဒေအကျိုးသက်ရောက်မှုရှိစေရေး ယန္တရားတွေ ပိုမိုခိုင်မာစေဖို့ တောင်းဆိုကြောင်း Preeda က ပြောပါတယ်။
အဆိုပါစံချိန်တင်လူကုန်ကူးခံရမှုတွေမှာ ပါဝင်ကူညီပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF/ DKBA အဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ၄င်းရဲ့ အဓိက မဟာမိတ် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာစစ်ကောင်စီကတော့ ယနေ့တိုင် တစ်လုံးတပါဒမှ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။
News- NationThailand