မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်

by

in

မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်ရင်းများမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ ချေမှုန်းသုတ်သင်ခဲ့ရာ စစ်သားစုစု ပေါင်း ၁၄၀ ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းမှာရာမှာ ၁၄၀ ကိုလိုက်လံချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိအချိန်အထိလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့နယ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် လိုက် လံ ချေမှုန်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရန် အမှတ် ၂၁ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ ၄၇ တပ်ရင်းတို့ ကျန်ရှိနေရာ ယင်းစခန်း ၂ ခုကို အပြင်းအထန် ဆက်လက်တိုက် ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများလည်း ဆက်လက် ထွက်ပြေးနေဆဲဖြစ် ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA က ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ကာ ဗန်းမော်မြို့နယ်ကိုမူ အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။