တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်

by

in

တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်
ရန်ကုန်၊ ဩဂုတ် ၂၁ .

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်ခဲ့ကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မန္တလေးတိုင်း၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများက မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တံတားဦးမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများ အကြားရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို တံတားဦးမြို့နယ်ပကဖနှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများ က ချဉ်းကပ်နေရာယူပြီး စခန်းတွင်းအခြေအနေကို စောင့်ကြည့်ခဲ့ကြောင်း၊ အချိန် ၁နာရီကျော်ကြာအောင် စောင့်ကြည့်ခဲ့ပြီး ထူးခြားမှုမရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန်တွင် တော်လှန်ရေးရဲဘော်များက စစ်ကြောင်းများခွဲကာ တပ်စခန်းကို စီးနင်း ဝင်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ် စခန်းအတွင်းတွင် အစောင့်တပ်သား ၄ ဦးနှင့် ၅ ဦးမျှသာ ချန်ထားရစ်ပြီး စခန်းကို စွန့်ခွာထားသည့် အခြေအနေ ဖြစ်ကြောင်း၊ အစောင့်တပ်သားအနည်းငယ်မှာလည်း တော်လှန်ရေး အင်အားစုများ ချဉ်း ကပ်မလာမီကပင် ၎င်းတို့၏တပ်စခန်းကို စွန့်ခွာကာ ထွက်ပြေးသွားကြသဖြင့် ကျည်အသုံးပြုမှုမရှိဘဲ စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတွင်းသို့ စီးနင်းဝင်ရောက်ပြီးချိန်တွင် တပ်အတွင်းမှ ဆန်နှင့် စားနပ်ရိက္ခာ အချို့၊ စစ်အသုံးအဆောင် အဝတ်အစားအဟောင်း အချို့ကိုသာ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စခန်းတစ်ခုလုံးကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စခန်းရှေ့ရှိအလံတိုင်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်တင်ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“ခွေးတွေက ပြေးသွားတယ်။ ရိက္ခာတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျည်လေး ၂၀၀ လောက်တော့ သိမ်းဆည်းရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို တံတားဦးမြို့နယ် ပကဖနှင့်အတူ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ ဒရုန်း တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။