နိုင်ငံတကာက နွေဦးတော်လှန်ရေးအပေါ် စိတ်ပူစိုးရိမ် သလိုလိုဖြင့် တိုင်းပြည် ထိန်းနိုင်ပါ့ မလားဟု ယုံကြည်မှု အားနည်းနေမှုများကို NUG ဝန်ကြီးချုပ် ပယ်ချ

by

in

နိုင်ငံတကာက နွေဦးတော်လှန်ရေးအပေါ် စိတ်ပူစိုးရိမ် သလိုလိုဖြင့် တိုင်းပြည် ထိန်းနိုင်ပါ့ မလားဟု ယုံကြည်မှု အားနည်းနေမှုများကို NUG ဝန်ကြီးချုပ် ပယ်ချ
ရန်ကုန်၊ ဩဂုတ် ၂၁

နိုင်ငံတကာက မြန်မာ့အရေး စိတ်ပူစိုးရိမ်သလိုလိုဖြင့် တော်လှန်ရေးအင်အားစုများက တိုင်းပြည် ထိန်းနိုင်ပါ့ မလားဟု ယုံကြည်မှု အားနည်းနေမှုများကို အမျိုးသားညီညွတ်ရေအးစိုးရ-NUG ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပယ်ချလိုက်သည်။
ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၂၃/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆို ပယ်ချလိုက်ခြင်းဖြစ်သည်။
လက်ရှိ နိုင်ငံတကာအသိုက်အ၀ိုင်းက မြန်မာ့အရေးနှင့် နွေဦးတော်လှန်ရေးအပေါ် စိုးရိမ်သလိုလို၊ စိတ်ပူသလိုလိုဖြင့် ယုံကြည်မှု အားနည်းပြီး တိုင်းပြည်ကို ထိန်းနိုင်ပါ့မလားဟု မေးမြန်းလာကြကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ပြောလိုသည်မှာ ယနေ့ အခြေအနေများသည် ပြည်သူကို မျက်နှာမူ၍ ကိုယ့်လမ်းကိုဖောက် လျှောက်လှမ်းလာခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ကို အကောင်းဆုံး အတူတကွ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“ယနေ့လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အသိုက်အဝန်းကလည်း စိုးရိမ်သလိုလို၊ စိတ်ပူသလိုလိုနဲ့ တော်လှန်ရေးအင်အား စုတွေအပေါ် ယုံကြည်မှုအားနည်းပြီး ပြောဆိုကြတာတွေလည်း ရှိပါတယ်။ စစ်‌ရေးအရ အားသာနေပေမယ့် တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထိန်းနိုင်ပါ့ မလားဆိုတာမျိုး မေးမြန်းလာကြတာတွေလည်း ရှိပါတယ်။ သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရညှိနှိုင်း ဆောင်ရွက် စရာတွေများပြားပေမယ့် ပြည်သူကို မျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ် ဖောက် လျှောက်လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။ နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှုတွေရဲ့ ဆိုးပြစ်တွေကို ခံလာကြ ရပြီးတဲ့နောက် အခုဆိုရင် စုစည်းမှုနဲ့ အင်အားတွေကို ကောင်းကောင်း နားလည်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာမှုတွေနဲ့အတူ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာကို နိုင်ငံတကာမိတ်ဆွေတွေကိုလည်း သတင်းစကားပါးလိုတာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။
ထို့ပြင် နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေး စစ်စစ်ဖြစ်ပြီး လက်ဗလာဖြင့် စတင်ခဲ့ရာမှ ယခုအခါ အောင်ပွဲက လမ်းတစ်ကမ်းအလိုတွင် ရောက်ရှိလာကြောင်း၊ တော်လှန်ရေး ခရီးအဆုံးထိ လျှောက်လှမ်းရန် အားလုံးပါဝင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်းသည် ။
“နွေဦးတော်လှန်ရေးလို့ အမည်ရတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း ပြည်သူ့တော်လှန်ရေးကြီးဟာ အခုဆိုရင် ၃ နှစ်ခွဲဆိုတဲ့ ကာလတစ်ခုကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကြမယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ကြမယ်၊ ဒီအရေးတော်ပုံ အောင်ကို အောင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေကို အရင်းတည်ပြီး လက်ဗလာနဲ့ စတင်ခဲ့ကြတဲ့ ပြည်သူ့တော်လှန်ရေးဟာ ယနေ့အချိန်မှာတော့ အရင်က ဖြစ်နိုင်ပါ့မလားဆိုတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု အကောင်အ ထည်ဖော်လာနိုင်ပြီး အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပါပြီ။ ဒါ့ကြောင့် နွေဦးတော်လှန်ရေး ဘယ်အခြေအနေ ရောက်နေပြီလဲလို့ မေးရင် ယနေ့ တွေ့နေ၊ မြင်နေ၊ ကြားနေကြရတဲ့ အခြေအနေတွေက ကျွန်‌တော်တို့ ဘယ်ရောက်နေပြီလဲ ဆိုတာကို ပုံဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ ဓမ္မချစ်မြတ်နိုးသူ ပြည်သူများ မဆုတ်မနစ် ပါဝင် ပေးခဲ့ကြတဲ့ ဒီနွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ် ဖြစ်ပါတယ်။ လူထု တော်လှန်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံက ပေါင်းစပ်ပြီး ကျရာတာဝန်၊ နိုင်ရာတာဝန် ထမ်းပြီး ချီတက်လာခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းစီ ကိုလည်း အလွန်လေးစားတန်ဖိုးထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်ရေးခရီးဆုံး အထိ အတူတကွ ဆက်လက်ပါဝင်ချီတက်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းလို ပါတယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြသည်။
ယင်းအပြင် မြို့များကို သိမ်းပိုက်ပြီးပါ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးအပ်ရန် အရေးကြီးကြောင်း၊ တော်လှန်ရေး အောင်မြင်စေမည့် လုပ်ငန်းများကို အားစိုက် ဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းမှာကြားသည်။
“အစိုးရအဖွဲ့ဝင်တွေအားလုံးကို အသေအချာ မှာကြားလို တာကတော့ အရေးကြီးတဲ့ ဒီလိုအချိန်ကာလမှာ တော်လှန်ရေးအောင်နိုင်ရေးကိုပဲ အဓိက မျက်နှာမူပြီး တော်လှန်ရေးကို ထိထိရောက်ရောက် ဖြစ်စေမယ့် အရေးကြီးတဲ့ လုပ်ငန်းများကို အားစိုက်ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါတယ်။ အောင်မြင်မှုနီးလာလေလေ ကျွန်တော် တို့စိတ်တွေ ယိမ်းယိုင်သွားစေနိုင်တဲ့ Issue တွေ ပေါ်ပေါက်လာတတ်တာမို့ ကိစ္စရပ်တိုင်းကို သတိကြီးကြီးနဲ့ စီမံဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေကြားထဲ ပါးပါးနပ်နပ်နဲ့ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုပဲ ရှေးရှု လျှောက်လှမ်းကြဖို့ အလေးအနက် မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။