တံတားဦးမှာ ပေါ်တာဆွဲနေတာ ဟုတ်မှန်ကြောင်း စစ်အုပ်စု ဝန်ခံ၊ စစ်မှုမထမ်းဘဲ နေခွင့်ရဖို့ လစဉ်ကြေး ပေးထားသူတွေပါ ပေါ်တာဆွဲခံရဟု ပေါက်ကိုယ်တော် ခေါ် သင်္ကန်းဝတ် ပျူခေါင်းဆောင် အရိယာဝံသ ပြော၊

by

in

တံတားဦးမှာ ပေါ်တာဆွဲနေတာ ဟုတ်မှန်ကြောင်း စစ်အုပ်စု ဝန်ခံ၊
စစ်မှုမထမ်းဘဲ နေခွင့်ရဖို့ လစဉ်ကြေး ပေးထားသူတွေပါ ပေါ်တာဆွဲခံရဟု ပေါက်ကိုယ်တော် ခေါ် သင်္ကန်းဝတ် ပျူခေါင်းဆောင် အရိယာဝံသ ပြော၊
တေဇ/MFP ၊ ဩဂုတ် – ၂၀

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဩဂုတ်လ(၁၆)ရက်နေ့က လူငယ်လူရွယ်တွေကို ပေါ်တာဆွဲပြီး စစ်သားသစ် စုဆောင်းခံတာ ဟုတ်မှတ်တယ်လို့ စစ်အုပ်စုက ဝန်ခံကြောင်း ပေါက်ကိုယ်တော် ခေါ် သင်္ကန်းဝတ် ပျူခေါင်းဆောင် အရိယာဝံသ က ထုတ်ဖော်ပြောဆိုပါတယ်။
တံတားဦးမှာ ပေါ်တာဆွဲ ခံလိုက်ရသူတွေထဲ စစ်မှုမထမ်းဖို့ စစ်အုပ်စုကို လစဉ်ကြေး ကျပ်လေးသောင်းခွြပေးထားတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
စစ်အုပ်စုဟာ ဩဂုတ်လ(၁၅)ရက်က စတင်ပြီး တံတားဦး၊ စဉ့်ကိုင်နဲ့ ကျောက်ဆည်မြို့နယ်မှာ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ လူသစ်စု နေပြီး တစ်မြို့နယ်ကို လူဦးရေ(၂၀၀) ရရှိသည်အထိ ပေါ်တာဆွဲဖို့ စီစဉ်ထားတယ်လို့ သတင်းကြားရကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ်လ(၁၅)ရက်ကနေ (၁၈)ရက်အထိ ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးနယ်ထဲ စစ်အုပ်စုက လမ်းဆုံ လမ်းခွတွေမှာ နေရာယူကာ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ အဓိကထား ပေါ်တာဆွဲသလို ကျေးရွာတချို့ကို စီးနင်း ဝင်ရောက်ပြီး ပေါ်တာဆွဲရာက ဩဂုတ်လ(၁၉)ရက်က စလို့ နေ့ည၊ အချိန်မရွေးတော့သလို မြို့ပေါ် ရပ်ကွက်ထဲအထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ဆိုပါတယ်။
“မြို့အဝင်အထွက်တွေမှာ နေရာယူပြီး မှတ်ပုံတင်စစ်ရင်း ပေါ်တာဆွဲတာ။ အခုတော့ (၂၀၀) မပြည့်သေးလို့ မြိူ့ထဲ ဦးလှည့်သွားတယ်။ မြို့နယ် တစ်မြို့နယ်ကို (၂၀၀) ရအောင် ဆွဲမယ်လို့ကြားတယ်” ကျောက်ဆည်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲကာ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းတာ၊ ဖမ်းဆီး ငွေညှစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးသူတွေထဲ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုနဲ့ ဆွေမျိုးနီးစပ်သူတွေ၊ ငွေပေး ရွေးထုတ်နိုင်သူတွေတော့ ပြန်လည် လွတ်မြောက်တယ်လို့လည်း ကျောက်ဆည် ဒေသခံတွေက ပြောပါတယ်။
တံတားဦးမှာ စစ်အုပ်စုက မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်တွေ ပေါ်တာဆွဲပြီး ငွေပေးနိုင်သူကို ငွေညှစ်ပြီး ပြန်လွှတ်ကာ ငွေမပေးနိုင်သူကိုတော့ စစ်သားသစ် စုဆောင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တချို့ရွာက လူတွေတော့ ငွေအများပေးပြီး လာဘ်ထိုးတဲ့ သူတွေကတော့ (ဩဂုတ်-၁၇ရက်) မနေ့က ပြန်လွတ် လာတယ်။ ငွေမထိုးနိုင်တဲ့ သူတွေကတော့ အတင်းအဓမ္မ ပေါ်တာ အဆွဲခံရတာပေါ့။ တကယ်တော့ အကြမ်းဖက် စစ်အုပ်စုက အနုကြမ်း စီးသလိုမျိုး ဖြစ်နေတာ။ ဖမ်းခံရသူ အများအပြားက သာမန် လက်လုပ်လက်စား၊ နေ့စားသမားတွေ များတယ်။ ငွေပေးရင် ပြန်လွှတ်ပေးတယ်၊ ငွေမပေးနိုင်ရင် ပြန်မလွှတ်ပါဘူး။ ပြန်ပေးဆွဲသလို မျိုးပါ”
စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေပြီး အဓိကအားဖြင့် စစ်ဘေးရှောင် ပြည်သူတွေ လာရောက် ခိုလှုံနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားကာ ဧည့်စာရင်း စစ်ရင်း ဖမ်းဆီးငွေညှစ်တာ၊ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
#Mandalay_Free_Press_MFP