စစ်ခေါင်းဆောင်က တပ်နှင့်ပြည်သူ သွေးကွဲအောင် ပြည်တွင်းပြည်ပမှ လုပ်ဆောင်နေဟု ပြောဆို၍ တပ်တွင်းစည်းရုံးရေးဆင်း
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
စစ်ရှုံးနေမှုကို ခံစစ်ပြင် ကာကွယ်နေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်သို့ သွားရောက်၍ တပ်နှင့်ပြည်သူ သွေးကွဲအောင် ပြည်တွင်းပြည်ပ မှ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက လုပ်ဆောင်နေဟု ပြောဆိုကာ စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် မန္တလေး၊ မိတ္ထီလာအပါအဝင် နိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွား လာချိန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က အဆိုပါတပ်နယ်များသို့ သွားရောက်၍ ၎င်းလက်အောက်ခံ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံကာ ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာ များတွင် ဖော်ပြထားသည်။
“နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံရဲ့အဓိက ကာကွယ်ရေး အင်အားစုဖြစ်တဲ့ တပ်မတော်နဲ့ ပြည်သူကို သွေး ကွဲအောင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်” ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့သည်။
ထို့အပြင် အာဏာသိမ်းမှု အကြောင်းပြချက်ဖြစ်သည့် မဲစာရင်းကိစ္စကိုလည်း ယခင်အတိုင်းနည်းတူ မှန်ကန်မှုမရှိသည့် အကြောင်းပြချက်များကို ပြောဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများကို စွပ်စွဲအပြစ်တင်ကာ ၎င်းတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ခဲ့သည်ဟု စည်းရုံးပြောဆိုသည်။
အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ လုပ်သက်ရင့် တပ်မတော်သား CDM ဗိုလ်ကြီးဇင်ယော်က စစ်ခေါင်းဆောင်သည် စစ်ရှုံးနေသဖြင့် စည်းရုံးရေးဆင်းသည့်အပြင် “မ” နှင့်စသော နေရာများကို ယတြချေသည့်အ နေဖြင့် အဓိကသွားရောက်ခြင်းဟု ယူဆကြောင်း ပြောကြားသည်။
“တပ်နယ်တွေကို သွားတာတော့ စည်းရုံးရေးဆင်းတာအပြင် မိတ္ထီလာ၊ မန္တလေး၊ မေမြို့ အဲဒီ “မ” နဲ့စတဲ့ နေရာတွေကို ယတြာချေအနေနဲ့ အဓိကသွားတာလို့ ယူဆရတယ်။ ဖြစ်နိုင်ချေလည်း များပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ခေါင်းဆောင်သည် တပ်မတော်သားဘဝကို ခံယူခဲ့ပြီး နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြု ဂုဏ်ယူသည်ဟု မိတ္ထီလာတပ်နယ်နှင့် မန္တ လေးတပ်နယ်တို့ရှိ စစ်ကောင်စီတပ် အရာရှိ၊ စစ်သည်၊ မိသားစုများအား စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ အောက်တိုဘာ၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” မှစတင်ကာ နိုင်ငံတစ်ဝန်း မရှုမလှ စစ်ရေးရှုံးနိမ့်မှုအပြင် လက်အောက်ခံ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး၊ ထွက်ပြေး၊ လက်နက်ချ အညံ့ခံမှုများ ပိုမိုများပြား လာသဖြင့် ကျန်ရှိတပ်နယ်များ၌ စစ်ခေါင်းဆောင်များ ကိုယ်တိုင် စည်းရုံးရေးဆင်းလာကြခြင်း ဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ