ဧရာဝတီတိုင်းတွင်းရှိ မကျီးစင်ကို AA သိမ်းပြီး ဆက်လက်စစ်ကြောင်းထိုးလာ၍ စစ်ကောင်စီက ဝက်သေတွင် တင့်ကားများ စစ်သင်္ဘောများဖြင့် အထူးခံစစ်ပြင်ဆင်နေရ

by

in

ဧရာဝတီတိုင်းတွင်းရှိ မကျီးစင်ကို AA သိမ်းပြီး ဆက်လက်စစ်ကြောင်းထိုးလာ၍ စစ်ကောင်စီက ဝက်သေတွင် တင့်ကားများ စစ်သင်္ဘောများဖြင့် အထူးခံစစ်ပြင်ဆင်နေရ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ရက်
အာရက္ခတပ်တော် (AA) သည် ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကိုပါသိမ်းပြီး စစ်ကြောင်း ဆက်ထိုးလာ၍ စစ်ကောင်စီက စစ်ရေးရောက်လာနိုင်သည့် ကျေးရွာများတွင် အထူးခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
ရွှေသောင်ယံမြို့နယ်အတွင်းရှိ ဝက်သေကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့က မကျီးစင်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များအပြင် နောက်ထပ် စစ်ကောင်စီအင်အား ၃၀၀ခန့်ကိုပါ တိုးချဲ့ထားကြောင်း သိရသည်။
ထို့အပြင် ရွှေသောင်ယံကမ်းခြေအနီးတွင် စစ်သင်္ဘောများ အသင့်အနေအထား ​ပြင်ဆင်ထားပြီး လက်နက်ကြီးများ၊ အမြောက်များကိုပါ တပ်ဆင်ထားကြောင်း သိရသည်။
“AAကမကျီးစင်ကိုသိမ်းထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတယ်” ဟုဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် AA၏ ထိုးစစ်ကို ခုခံနိုင်ရန် ဘောမိကျေးရွာအနီးမာ့သာကျေးရွာတွင်လည်း ကာကင်းစခန်းတစ်ခုလုပ်ကာ လက်နက်ကြီးများ ပို့ထားကြောင်း သိရသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်းတိုက်ပွဲကို ကြည်း၊ ရေ၊ လေတို့မှအပြင်းအထန်ခုခံနေသော်လည်း AA က ရွှေသောင်ယံကျေးရွာအတွင်းရှိ ချောင်းဝချိုင်၊ အမော်ကြီး၊ ကုလားချောင်း၊ မကျီးဇင်တို့ကို ထိန်းချုပ်ပြီး ဆက်လက်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
AAအနေဖြင့် မကျီးဇင်တံတားကို ကျော်လာပါက ဘောမိဘက်သို့ရောက်လာမည်ကို စစ်ကောင်စီက စိုးရိမ်ပြီး ဘောမိဘက်ခြမ်းတွင် အထူးခံစစ်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျောက်မောင်နှမတောင်မှာအမြောက်တပ် ခံတပ်ပါပြင်ထားတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်ကပြောသည်။
ရွှေသောင်ယံကမ်းခြေအနီးပင်လယ်ပြင်တွင်လည်း ရေတပ် စစ်သင်္ဘော ၂၀ခန့်ဖြင့် တပ်လှန့်ထားကာ မကျီးစင်ကျေးရွာဘက်ကို လက်နက် ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)