တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး
ဇန်နဝါရီ ၁၂၊ ၂၀၂၅
စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
ရန်ကုန် အပါအဝင် နိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်တပ်က နည်းလမ်းပေါင်းစုံသုံးကာ လူငယ်တွေကို ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။
“ပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက်ကြဖို့၊ လုံခြုံရေးကိုအမြဲမပြတ် သတိထားပြီး ပြည်သူ့ရင်ခွင်ရဲ့ contact တွေကို မှတ်ထားဖို့ပါ။ ဒါမှ စစ်မှုထမ်းထဲပါသွားရင် ချိတ်ဆက်ပြီး လွတ်မြောက်နိုင်အောင်ပါရှင်။ အရင်ကထက်ပိုပြီး သတိကြီးကြီးထားဖို့လည်း လိုနေပါပြီ။ မြို့ပြမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ခက်ခဲလာတဲ့ အချိန်တစ်ခုရောက်လာတာတောင် မြို့ပြကိုစွန့်မခွါဘဲ နည်းမျိုးစုံနဲ့တော်လှန်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေအတွက် အားအင်က ပြည်သူလူထုရဲ့ ပါ၀င်မှုပဲဖြစ်လို့
ပြည်သူများ ဝိုင်း၀န်းပေးဖို့ကို မျှော်လင့်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Merry Christmas က မောင်းကို ပြောပါတယ်။
၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံး သီတင်းပတ်ထဲမှာပဲ ရန်ကုန်မှာ မြို့ပြောက်ကျားတော်လှန်ရေး ရဲဘော်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၉) အတွက် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။
Linn Yaung Ni Youth Organization (LYNYO) ၊ Mayangone Democratic Front (MDF) ၊ Owl Community နဲ့ Kyi Myin Daing Networks (KMD18) တို့ပါဝင်တဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ကတော့ အဖမ်းအဆီးတွေကြားကပဲ အာဏာရှင်ဆန့်ကျင်ရေး မြို့ပြလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။
ပုံစာ – ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု (ပုံဟောင်း)