ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

by

in

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား
ဇန်နဝါရီ ၁၂၊ ၂၀၂၅
မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာ တပ်နယ်နဲ့ မန္တလေး တပ်နယ်တို့က အရာရှိ၊ စစ်သည်၊ မိသားစုတွေကို နယ်မြေခံတပ်ဌာနချုပ်ခန်းမတွေမှာ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
မြေပြင်မှာ ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
ကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ စစ်ကြောင်းထိုးဖို့ အမိန့်ပေးနေတဲ့ မင်းအောင်လှိုင်ကိုယ်တိုင်က လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မလုပ်ဖို့ ပြောဆိုခဲ့ပြန်တာပါ။
“နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရတယ် “လို့မင်းအောင်လှိုင်က ပြောပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့ရဲ့ ပေါင်းစည်းအား၊ ညီညွတ်တဲ့ စိတ်ဓာတ်တို့နဲ့ ကာကွယ်သွားရမယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။