တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့
ဇန်နဝါရီ ၁၂၊ ၂၀၂၅
တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေး (၆၂) နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် မန္တလေး PDF က ပေးပို့တဲ့သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာပါ။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဟာ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ပြည်သူ့အစိုးရတစ်ရပ် ဖော်ဆောင်မယ်လို့ ကနဦး ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကို တအာင်းမြေကနေ အပြီးတိုင် ဖယ်ရှားရှင်းလင်းနိုင်မှုဟာ အောင်မြင်မှုတွေနဲ့ ထုံမွှမ်းနေပြီး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နှစ်တစ်နှစ်လို့လည်း ဖော်ပြရေးသားထားပါတယ်။
MDY PDF ဟာ TNLA နဲ့အတူ ရှမ်းမြောက်က တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
MDY PDF ဟာ တအာင်းဒေသမှာ မွေးဖွားကြီးပြင်းထမြောက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တာကြောင့် TNLA ကိုလည်း ကျေးဇူးများစွာ တင်ရှိပြီး အစဉ်အောက်မေ့ဂုဏ်ယူနေမယ်လို့ ဖော်ပြထားပါတယ်။
MDY PDF အနေနဲ့လည်း TNLA နဲ့အတူ ဆက်လက်လက်တွဲပြီး ဟန်ချက်ညီညီ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာရေးသားထားပါတယ်။
ဒါ့အပြင် ကျောင်းသားလက်ရုံးတပ်တော် (SAF) ကလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တအာင်းတစ်မျိုးသားလုံးရဲ့ ၆၂ နှစ်မြောက် တော်လှန်ရေးနေ့အတွက် လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
လက်ရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဦးမှတိုက်ပွဲဝင်လျက်ရှိတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် တအောင်/ပလောင် အမျိုးသားအားလုံးရဲ့ (၆၂) နှစ်မြောက် တော်လှန်ရေးနေ့ကို ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုကြိုဆိုတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (ဗဟိုကော်မတီ) ကလည်း သဝဏ်လွှာတစ်ရပ်ပေးပို့ခဲ့ပါသေးတယ်။