AA ဝင်မလာစေရေး ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်များမှထွက်ပြေးသည့်တပ်ပြေး ရာချီရှိလာ

by

in

AA ဝင်မလာစေရေး ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်များမှထွက်ပြေးသည့်တပ်ပြေး ရာချီရှိလာ
မင်းထက်

မဇ္စျိမ။ ။ဧရာဝတီတိုင်းအတွင်းသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့များဝင်မလာရေး ခံစစ်ပြင်ထားသည့် နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏထွက်ပြေးနေပြီး တပ်ပြေးဦးရေ ရာချီရှိကြောင်း ဒေသခံ များနှင့် တော်လှန်ရေးအင်အားစုများက မဇ္စျိမကိုပြောသည်။
ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်တွင် ခံစစ်ပြင်ထားသောနေရာ များနှင့် အမှတ်(၃၄၄)အမြောက်တပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးနေသည်ဟု ငါးသိုင်းချောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဂွမြို့နယ်နှင့်ထိစပ်နေသည့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အတွင်း ခံစစ်ပြင်ထားသည့် စစ်ကောင် စီတပ်များမှတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးနေကြကြောင်း မကျီးဇင်ဒေသခံများက ပြောသည်။
ယင်းသို့ထွက်ပြေးနေသည်မှာ AA က ဂွမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ် ခန့်ကတည်းကဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလကုန်ခန့်က ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ အမှတ်(၃၄၄) အမြောက်တပ်သို့ စစ်ကူပို့ထားသည့် ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးထက်မနည်း ထွက်ပြေးခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် ငါးသိုင်းချောင်း ဒေသခံက ပြောသည်။
“AA က ဂွမြို့ကိုစဝင်တိုက်ပြီး ဒီဘက်(ဂွ-ငါးသိုင်းချောင်းလမ်း)ကို စစ်ကူတွေပို့တည်းက ပြေးနေတာ။ တော်ကြာ သုံးယောက်ပြေးလိုက် တော်ကြာ ငါးယောက်ပြေးလိုက်နဲ့ ခဏ ခဏပဲ၊ ပြန်မိတာတွေလည်းရှိ တယ်”ဟု ၎င်းကဆိုသည်။
အာရက္ခတပ်တော်(AA)က ဂွမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဂွမြို့ တဖက်ကမ်းမှတဆင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းဝချိုင်ကျေးရွာအထိဆုတ် ခွာခဲ့စဥ်လည်း ထွက်ပြေးခဲ့သည့် တပ်ဖွဲ့ဝင်အများအပြားရှိသည်ဟု မကျီးဇင်ဒေသခံများက ပြောသည်။
ထိုစဥ်က စစ်ကားများဖြင့်ဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များရှိသလို ခြေလျင်ဆုတ်ခွာခဲ့သည့် တပ်ဖွဲ့ ဝင် ၂၀၀ ခန့်ရှိကြောင်း၊ ခြေလျင်ဆုတ်ခွာခဲ့သည့်တပ်ဖွဲ့ဝင်များအနက် အများစုမှာ တပ်နှင့်ပြန်လည်မပူး ပေါင်းဘဲ ထွက်ပြေးခဲ့ကြကြောင်း ဒေသခံများကဆိုသည်။
“စစ်သားတွေ ငတ်ပြတ်ပြီး ဂွဘက်ကနေတပ်ဆုတ်လာကြတော့ သူတို့ဆုတ်လာတဲ့ ရွာတလျောက်မှာ ရေ တောင်းသောက် ထမင်းတောင်းစားပြီး တပ်ကနေ ထွက်ပြေးကြတယ်။ အဲဒီတုန်းကဆို ချောင်းဝချိုင်တို့ မကျီးဇင်တို့ဘက်မှာ အချင်းချင်းပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်။ အဲဒါက ထွက်ပြေးတဲ့ စစ်သားတွေကို ခံစစ်ပြင်နေတဲ့ စစ်သားတွေကလိုက်ပစ်တာပါ၊ ပြန်မိတာလည်း အများကြီးပဲ။ အခုအထိဆိုရင် ထွက်ပြေး တဲ့ စစ်သား ၂၀၀ လောက်ရှိနိုင်တယ်”ဟု ဒေသခံတဦးကပြောသည်။
လက်ရှိအချိန်အထိလည်း ရွှေသောင်ယံမြို့အတွင်းခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှ ထွက်ပြေး နေသည့် စစ်သားအများအပြားရှိကြောင်း၊ ထွက်ပြေးနေသူများထဲတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းခံထားရသည့် လူငယ်များလည်းပါဝင်ကြောင်း တော်လှန်ရေး အင်အားစုများကပြောသည်။
“ရွှေသောင်ယံဘက်ကို စစ်ကူပို့ခံရတဲ့စစ်မှုထမ်းတွေ ထွက်ပြေးလာပြီး ကျွန်တော်တို့ဘက်ကို ဆက်သွယ် လာတာတွေ အများကြီးရှိပါတယ်။ တချို့အဖွဲ့တွေလည်း သူတို့ကိုကူညီပေးနေပါတယ်”ဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရှိ ရဲစခန်း ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ဆုတ်ပေးရခြင်း၊ ရွှေသောင်ယံကမ်းခြေတွင် ခံစစ်ပြင်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း – အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှစစ်ကောင်စီတပ်ဖွဲ့ဝင်များ AA ထံ လက် နက်ချ အလင်းဝင်လာစဥ်(ဓာတ်ပုံ-AA Info Desk)
#အာရက္ခတပ်တော်(AA)