မန္တလေးတက္ကသိုလ်အနီးရှိ KBZ ဘဏ် ဓားပြတိုက်ခံရ
ဆိုင်းမင်း၊ရှိန်း / People’s Spring
မန္တလေးမြို့ ၊ မန္တလေး တက္ကသိုလ် ဘေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြ တိုက်ခံလိုက်ရတယ်လို့သိရပါတယ်။
မန္တလေး တက္ကသိုလ်ဘေးမှာရှိတဲ့ KBZ ဘဏ်ကို သေနတ်အတိုကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးဝင်ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ဖြစ်စဉ်ကိုသိတဲ့မန္တလေးအခြေစိုက် အခြားသော KBZ ဘဏ်ခွဲက အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဓားပြက အသင့်ယူလာတဲ့ ကျောပိုးအိတ်ထဲ ငွေထည့်ပြီး ဘဏ်ကနေ ပြန်ထွက်ချိန်မှာ ဝိုင်းဝန်းဖမ်းဆီးခံရတာဖြစ်ပြီး သေနတ်နဲ့ ပြန်ပစ်လို့ ဘဏ်ဒုမန်နေဂျာအမျိုးသားလက်မောင်းထိမှန်ခဲ့ရတယ်လို့လည်း အဲဒီဝန်ထမ်းထံက သိရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း KBZ ဘဏ်ဓားပြတိုက်တာကို ဖြန့်ဝေထားပါတယ်။
လုပ်သေနတ်နဲ့ဓားပြတိုက်တာဖြစ်ပြီး ဘဏ်လုံခြုံရေးနဲ့ အနီးကပြည်သူတွေက ဝိုင်းဖမ်းရာမှာ ဓားပြကိုမိသွားတယ်လို့ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြပါတယ်။
ပြောက်ကျား အင်္ကျီ ဝတ်ဆင်ထားသူ အမျိုးသား ကို လက်လုပ်ပစ္စတို သေနတ်နဲ့အတူ ဖမ်းမိတယ်လို့ဓာတ်ပုံတွေနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။
“အခုတော့ စစ်ကားတွေရော၊ရဲတွေရောရောက်နေတယ်၊ဓားပြတိုက်တဲ့သူကိုတော့ခေါ်သွားကြပြီ”လို့အနီးနားမှာရှိနေသူတဦးကပြောပါတယ်။
အဲဒီဘဏ်ဟာ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်နဲ့ အနီးမှာ ရှိတာပါ။
တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရဲ့ ဝင်ပေါက်ကလည်း ၇၃လမ်း၊၄၀နဲ့၄၁လမ်းကြားမှာရှိပြီး လုံခြုံရေးဘန်ကာတွေလည်းချထားတယ်လို့သိရပါတယ်။
အခုလို ဓားပြတိုက်ခံရတဲ့ဘဏ်တည်ရှိရာနေရာဟာဆိုရင် မြို့ခံတွေက မိန်းထဲလို့ခေါ်ပြီး မန္တလေးမြို့မှာ လူအစည်ကားဆုံးနေရာဖြစ်တယ်လို့သိရပါတယ်။
ဓားပြတိုက်ခံရတဲ့ KBZ ဘဏ်ခွဲ ကိုတွေ့ရပုံ
ဓာတ်ပုံ – စစ်တပ်ဝါဒဖြန့်ချန်နယ်
မန္တလေးမှာ သေနတ်ပြပြီး ဘဏ်ဓားပြတိုက်သူကို ဘဏ်လုံခြုံရေးနဲ့ ပြည်သူက ဝိုင်းဖမ်း၊
ဘဏ်မန်နေဂျာ သေနတ်မှန် ဒဏ်ရာရ၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ ၇၃လမ်းပေါ်က ကမ္ဘောဇဘဏ်ကို ဒီကနေ့ နေ့လည်ပိုင်း သေနတ်အတိုတစ်လက် ကိုင်ဆောင်ကာ ဓားပြတိုက် လုယက်သူကို ဘဏ်လုံခြုံရေးနဲ့ ပြည်သူက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပြီး ဘဏ်မန်နေဂျာ သေနတ်မှန် ဒဏ်ရာရတယ်လို့ သတင်း ရရှိပါတယ်။
ဇန်နဝါရီလ ၁၁ရက် ဒီကနေ့ မွန်းလွဲ ၂နာရီခွဲမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃လမ်း၊ လမ်း၄၀နဲ့ ၄၁လမ်းကြားက ကမ္ဘောဇဘဏ် (ဗောဓိကုန်းဘဏ်ခွဲ)ကို အမျိုးသားတစ်ဦးက လက်လုပ် သေနတ် အတို တစ်လက်ကိုင်ဆောင်ပြီး ဝင်ရောက်လုယက် ဓားပြတိုက်တာလို့ စစ်အုပ်စုကလည်း သတင်း ဖြန့်ပါတယ်။
အဲ့ဒီ အမျိုးသားဟာ သေနတ်ပြပြီး အနက်ရောင် ကျောပိုးအိတ်ထဲ ငွေတွေ ထည့်သွင်းယူဆောင်ကာ ဘဏ်ထဲက ပြန်ထွက်ချိန် ဘဏ်လုံခြုံရေးနဲ့ အနီးမှာရှိတဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လုယက်သူ အမျိုးသားက သေနတ်နဲ့ ပြန်လည် ပစ်ခတ်လို့ ဘဏ် ဒု-မန်နေဂျာ လက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မန္တလေးတက္ကသိုလ်အနီး ၇၃လမ်းပေါ်မှာ ဒီကနေ့ နေ့လည်ပိုင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုနဲ့ ပျူတွေ ရောက်ရှိ စစ်ဆေးနေတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေနတ်ပြ လုယက်မှု ဖြစ်ပွားခဲ့တဲ့ ၇၃ လမ်းဟာ မန္တလေးမြို့ရဲ့ အစည်ကားဆုံး လမ်းမတွေထဲက တစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း မန္တလေးတက္ကသိုလ်အနီး ၆၉ လမ်းပေါ်က ဖုန်းဆိုင်တွေ လုယက်ဓားပြတိုက် ခံခဲ့ရသလို မန္တလေးမြို့လယ်၊ ဒိုင်းမွန်းပလာဇာအနီး ၇၇ လမ်းပေါ်က ရွှေဆိုင်တွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဓားပြတိုက် လုယက် ခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ဓားပြမှု တချို့ကို အဖမ်းပြကာ အများစုကိုတော့ ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ လုယက်မှူနဲ့ ဓားပြမှုတွေမှာ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေ ပါဝင်နေတယ်လို့ မြို့ခံတွေက ယူဆနေကြကာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလက မန္တလေးမြို့သစ်မှာ ဓားပြတိုက်တဲ့ ပျူစောထီးတွေကို စစ်အုပ်စု ရဲတွေက ဖမ်းဆီးခဲ့ရာ အချင်းချင်း ဆက်လက် ဖမ်းဆီးနေပါက မြေပြင်စစ်ပွဲတွေ မလိုက်တော့ဘဲ ပျူစောထီးအဖြစ်က နှုတ်ထွက်မယ်လို့ ပျူတွေက မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထံ တိုင်ကြားခဲ့ပါတယ်။
မန္တလေး တက္ကသိုလ်အနီး၊ ၇၃လမ်းပေါ်က ဘဏ်ကို သေနတ်ပြ လုယက်သူကို ဘဏ်လုံခြုံရေးနဲ့ ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့စဉ်/Photo – စစ်အုပ်စု