နေပြည်တော်၊ တပ်ကုန်းတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှု ၆ ဦး ဒဏ်ရာရကာ ၁ ဦးသေဆုံးနိုင်
ရန်ကုန်၊ ဇန်နဝါရီ ၁၁
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် အင်အား ၄၆ ဦးပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးနိုင်ကြောင်း ရဲကြေးနန်းအစီရင်ခံစာနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၂၃) မှ ဗိုလ်ကြီး ကောင်းခန့် ဦးဆောင်သော အင်အား ၁၀ ဦး၊ လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေးတပ်ရင်း (လအရ ၈) မှ ဗိုလ်ကြီး နေမျိုးဝင်း ဦးဆောင်သော အင်အား ၁၀ ဦး နှင့် အမှတ် ၂၅ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရတဖ ၂၅) မှ ရဲအုပ် ဇော်မိုးလွင် ဦးဆောင်သော အင်အား ၂၆ ဦး ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရိုးကူးကျေးရွာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် ထွက်ခွာသွားစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း မိုင်း ၈ လုံးပေါက်ကွဲခဲ့ပြီး ရတဖ ၂၅ မှ ရဲတပ်သား နိုင်လင်းဦး သည် မေးရိုးအောက် ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ရဲတပ်သား ဟန်မင်းဦးသည် လည်ပင်းရှပ်ထိ သွေးထွက်ဒဏ်ရာ နောက်ကျောရှပ်ထိ ဒဏ်ရာ၊ ရဲတပ်သား ပြည့်ဖြိုးအောင် သည်ဝဲ နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာ၊ ရဲတပ်သား ထက်အောင်လွင်သည် ဝဲပါးသွေးထွက် ဒဏ်ရာ ၁ ချက်၊ လကတ ၂၀၂၃ မှ ဒုတပ်ကြပ် ဝေဖြိုးသည် ယာလက်ပျဉ် ဖောက်ဝင် ဒဏ်ရာ ၁ ချက်နှင့် ယာနားထင်ပွန်းပဲ့ဒဏ်ရာ ၁ချက် တို့ရရှိခဲ့ပြီး တပ်သား နိုင်လင်းထွေးသည် လည်ပင်းဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေများကြောင်း သိရှိရသည်။
“နယ်မြေရှင်းဖို့ဆိုပြီး ရိုးကူးကျေးရွာကို စစ်သားနဲ့ ရဲ ပူးပေါင်း အဖွဲ့က နံနက် ၇ နာရီ ၃၀ ထဲက ထွက်သွားတာ သူတို့သွားတုန်း မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်။ အကုန် ခွေးပြေး ဝက်ပြေး ပြန်လာကျတာပဲ နိုင်လင်းထွေး ကတော့ အခြေအနေမကောင်းဘူး သေဖို့များတယ်” ဟု နေပြည်တော် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- နေပြည်တော်တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)