မင်္ဂလာတောင်ညွန့်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့်ကားပေါ်လိုက်ပါသူ ကိုရန်နိုင်မင်းကို ရပ်ကွက်လူမိုက်အဖွဲ့က အကြောင်းမဲ့ ၀ိုင်းရိုက်သဖြင့် သေဆုံး၊ ရဲတိုင်သော်လည်း ထိရောက်စွာ အရေးယူမှုမရှိ

by

in

မင်္ဂလာတောင်ညွန့်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့်ကားပေါ်လိုက်ပါသူ ကိုရန်နိုင်မင်းကို ရပ်ကွက်လူမိုက်အဖွဲ့က အကြောင်းမဲ့ ၀ိုင်းရိုက်သဖြင့် သေဆုံး၊ ရဲတိုင်သော်လည်း ထိရောက်စွာ အရေးယူမှုမရှိ
ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့် ကားပေါ်လိုက်ပါလာသူ အသက် ၃၄ နှစ်အရွယ် ကိုရန်နိုင်မင်းကို ကားတိုက်မှုဖြစ်ပွားရာအနီးရှိ ရပ်ကွက်မှ လူမိုက်အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်သဖြင့်
ကိုရန်နိုင်မင်း သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၁၅ လမ်းထိပ်တွင် အသက် ၃၄ နှစ်အရွယ် ကိုရန်နိုင်မင်းနှင့်မိသားစုလိုက်ပါလာသော ကားကို အခြား ကား ၁ စီးက ဝင်တိုက်ခဲ့ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဝင်တိုက်ခဲ့သော ကားသမားနှင့် အတိုက်ခံရသည့် ကားပေါ်မှ ကိုရန်နိုင်မင်းတို့ စကားပြောနေစဉ် ရပ်ကွက်အတွင်းမှ မားဂါး ဦးဆောင်သော လူမိုက်အဖွဲ့ကရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် ကိုရန်နိုင်မင်း၏ ကားကို ဝင်တိုက်ခဲ့သည့် ကားသမားကို လူမိုက်အဖွဲ့က ပြန်ခိုင်းလိုက်ပြီး အတိုက်ခံရသည့် ကားပေါ်မှ ကိုရန်နိုင်မင်းကို မားဂါးနှင့် လူမိုက်အဖွဲ့က အကြောင်းမဲ့ ဝိုင်းဝန်းရိုက်နှက်ကြောင်း၊ ထို့ပြင် ကိုရန်နိုင်မင်း၏ ဇနီးဝတ်ဆင်ထားသော အင်္ကျီ အဝတ်အစားများကိုလည်း လူမိုက်အဖွဲ့က ဆွဲဖြဲ၍ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
မားဂါးဦးဆောင်သော လူမိုက်အဖွဲ့၏ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကိုရန်နိုင်မင်းသည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းတွင် သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲများက ရိုက်နှက်မှုတွင် ပါဝင်သူ တစ်ဦးကိုသာ ဖမ်းဆီးအရေးယူပြီး ကျန်ရှိသူများကို ဖမ်းဆီးခြင်းမရှိဘဲ လွှတ်ပေးထားကြောင်း သိရှိရသည်။
” ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၁၁၅ လမ်းထိပ်မှာ ကားချင်း ငြိရာတာကို ရပ်ကွက်ထဲက မားဂါးနဲ့ လူမိုက်အဖွဲ့က ကိုရန်နိုင်မင်းကို ဝိုင်းရိုက်တာ။ ၀ိုင်းရိုက်တဲ့သူက အားလုံးပေါင်း ယောကျာ်းနဲ့ မိန်းမ ၉ ဦးလောက်ရှိမယ်။ လူမိုက်အဖွဲ့က တိုက်သွားတဲ့ ကားကိုလည်း ထွက်သွားခိုင်းလိုက်ပြီး အတိုက်ခံလိုက်ရတဲ့ ကားပေါ်က ကိုရန်နိုင်မင်းနဲ့ အမျိုး သမီးကို ဝိုင်းရိုက်တာ။ ဝိုင်းရိုက်ပြီးတော့လည်း မိုက်မိုက် ရိုင်းရိုင်း ကြားမကောင်းအောင် အော်ဆဲနေတယ်။ ကိုရန်နိုင်မင်းရဲ့ ဇနီးဝတ်ထားတဲ့ အပေါ် အင်္ကျီကိုလည်း ဝိုင်းပြီး ဆွဲဖြဲတယ်။ ကောင်မလေးကိုဝိုင်းရိုက်တဲ့ မိန်းမတွေက ပစ္စည်းတွေပါ လုယူသွားတယ်။ လူမိုက်အဖွဲ့က ဝိုင်းရိုက်ပြီးတော့ ကားသော့ပါ ဖြုတ်ယူပြီး ထွက်ပြေးသွားတယ်” ဟု ကိုရန်နိုင်မင်း၏ မိတ်ဆွေ့ ပြောဆိုသည်။
ယခုအခါ အရိုက်ခံရသော ကိုရန်နိုင်မင်းကို အစ္စလမ် ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ပြီးစီးသော်လည်း အမှုမှန် ပေါ်ပေါက်ခြင်းမရှိဘဲ မားဂါး ဦးဆောင်သော လူမိုက်အဖွဲ့မှာ အေးဆေးစွာပင် ဆက်လက် နေထိုင်နေကြောင်း သိရှိရသည်။
ယခုနောက်ဆုံး ထပ်မံ ရရှိသော သတင်းအချက်အလက်များအရ ကိုရန်နိုင်မင်းကို ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ကြသော လူမိုက်မားဂါးနှင့်အဖွဲ့မှာ စစ်တပ် လက်ကိုင်တုတ်များ၊ သတင်းပေးများဖြစ်ကြပြီး ပျူစောထီးများကဲ့သို့ ရဲနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။