ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်

by

in

ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ရှမ်းမြောက်တစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် ဆင်ဖြူရှင် စစ်ဆင်ရေးဟုဆိုကာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် စစ်ဆင် ရေးတစ်ခု ဖော်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်နေ့က ဆင်ဖြူရှင်စစ်ဆင်ရေးကို ဖွဲ့စည်းခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။
ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ခန်းမတွင် စစ်ဆင်ရေးအထူး တပ်ဖွဲ့မှူး (ကစထမှူး)များ၊ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ ဗိုလ်ချုပ်များ၊ ဒရုန်းနည်းပညာ တပ်ဖွဲ့မှ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များ ပါဝင်သည့် အစည်း အဝေးတွင် ဆင်ဖြူရှင်စစ်ဆင်ရေး ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အဆိုပါ ဆင်ဖြူရှင်စစ်ဆင်ရေးတွင် ဒုချုပ်စိုးဝင်းက လေကြောင်းဖြင့် တိုက်ခိုက်မှုကို အဓိကထား လုပ်ဆောင်မည့်ပုံပေါ်ပြီး ဒရုန်းနည်းပညာဖြင့် တိုက်ခိုက်မှုများကို အဓိကထားပြင်ဆင်နေကြောင်း သိရသည်။
“လေတပ်ကကြီးပဲ ဗိုလ်ချုပ် သုံး ယောက်၊ ဒရုန်းနည်း ပညာဘက်က ဗိုလ်ချုပ်နဲ့ ဗိုလ်မှူး လေး ယောက်တက်ခိုင်းတာဆိုတော့ အခုစစ်ဆင်ရေးကို လေကြောင်းက အဓိကပစ်မှတ်ထား တိုက်ပွဲဖော် ဆောင်မယ့်ပုံပေါ်နေတယ်။ တိုင်းမှူးလေးယောက်မှာ အခုစစ်ရှုံးသွားပြီးတော့မှထပ်ခန့်တဲ့ ရမခတိုင်းမှူး ပါတက်တယ်။ ရှမ်းမြောက်ကို အလုံးအရင်းဝင်တိုက်ဖို့ပြင်နေတယ်လို့လည်း သိထားတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယခု ဆင်ဖြူရှင်စစ် ဆင်ရေးကို မဖွဲ့စည်းခင် မြဝတီမြို့ရှိ မြို့စောင့်တပ်ကို စစ်ကူရန်ဟုဆိုကာ အောင်ဇေယျစစ်ကြောင်းကိုလည်း နိုင်ငံတော်အဆင့်ဖွဲ့စည်းခဲ့သည်။
မြဝတီမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေစဉ် ဒုချုပ်စိုးဝင်းက တော်လှန်ရေးတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် ဟုဆိုကာ ဧပြီဒုတိယပတ်၌ မွန်ပြည်နယ်ရှိ ရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းရုံးအတွင်း အစည်း အဝေးထိုင်ကာ အင်အား ၁၀၀၀ ခန့်ရှိ တင့်ကားအပါအဝင် စစ် လက်နက်ပစ္စည်းအပြည့်အစုံပါသည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဘားအံမှတဆင့် မြဝတီမြို့သို့ စေလွှတ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရှားထူးဝေါနည်းပညာဖြင့် တိုက်ခိုက်သည့် ဒရုန်းဗုံးကြောင့် ဒုချုပ်စိုးဝင်းမှာ လူမြင်ကွင်းကနေ၍ လအတန် ကြာပျောက်ကွယ်ခဲ့သည်။
ဒုချုပ်စိုးဝင်းဦးဆောင်သည့် အောင်ဇေယျစစ်ကြောင်းသည် နာရီအနည်းငယ်သာသွားရမည့် လမ်းကြောင်းကို ၄ လကြာချီတက်ခဲ့ရပြီး မြဝတီသို့မရောက်ဘဲ ကော့ကရိတ်မြို့ ဒေါနတောင်ခြေတွင် တပ်ဖွဲ့စည်းပုံပါ ပျက်စီးကာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်အထိ ရှုံးနိမ့်ခဲ့ရသည်။
ယခုအခါတွင် ဒုချုပ်စိုးဝင်းက အောင်ဇေယျစစ်ကြောင်း ပျက်စီးသွားပြီးနောက် ရှမ်းမြောက် ကိုထိုးစစ်ဆင်ရန် ဆင်ဖြူရှင်စစ်ဆင်‌ရေးကို ဦးဆောင်ပြီးထပ်မံ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့ကို ထိုး စစ်ဆင်ရန် ဘုရင့်နောင်စစ်ဆင်ရေးကိုလည်း ထပ်မံဖွဲ့စည်းဦးမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ-မင်္ဂလာဒုံရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် တွေ့ရသည့် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း (၂၀၂၄၊ မေ ၁၃)
#ဒုချုပ်စိုးဝင်း #ဆင်ဖြူရှင်စစ်ဆင်ရေး #ထပ်မံဖွဲ့စည်း #Ayeyarwaddy_Times