တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း

by

in

တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း
ရန်ကုန်၊ ဩဂုတ် ၂၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်များ စုဆောင်းမရသဖြင့် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နေ့ရော ညပါ လုပ်ဆောင်လာကြောင်း၊ ယခင်က လမ်းဆုံနှင့် ရွာအဝင်အထွက်များတွင်သာ လူငယ်များကို ဖမ်းဆီးခဲ့ကြသော်လည်း ယခုအခါ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအပေါ်ထိ တက်ရောက်၍ လူငယ်များကို ဖမ်းဆီးနေကြောင်း သိရှိရသည်။
“လယ်ထဲသွားလည်း လိုက်ဖမ်းတယ်။ နေ့ခင်းကြီး အိမ်မှာ အိပ်နေရင်တောင် အိမ်ပေါ်ထိဝင်ဖမ်းတယ်။ လမ်းဖြတ်သွားလည်း ဖမ်းတယ်။ အသက်အရွယ်လည်းမရွေးဘူး။ ငွေပေးနိုင်တဲ့သူတွေဆိုရင်တော့ ပြန်လွတ်တယ်။ တချို့ဆို ပိုက်ဆံမလိုက်နိုင်လို့ အုတ်တွင်းစစ်သင်တန်းကျောင်းမှာ တပ်သားသစ်အဖြစ် ရောက်ကုန်ကြတယ်။ ကလေးအဖေပါဆိုလည်းမရ၊ စိတ်ဝေ‌ဒနာရှင်တွေဆိုလည်းမရ။ ဆေးမအောင်ဘူးဆိုလည်း မလွှတ်ပေးဘူး။ ကားလမ်းတွေကနေစောင့်ဖမ်းတယ်။ ရွာထိပ် ဇရပ်တွေ တာမံတွေ‌ကနေလည်းစောင်ဖမ်းတယ်။ တစ်ခါတစ်လေဆိုရင် အရပ်ဝတ်တွေနဲ့ဖမ်းနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက ထိုသို့ ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့်တင်နေသည့် ကျေးရွာများမှ လူငယ်များ ထွက်ပြေးနေကြသည့်အပြင် ပုံမှန် သွားလာလှုပ်ရှားနေသော လုပ်ငန်းများမှာလည်း ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
” နောက်ဆုံးဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ ရွာတွေ၊ အိမ်တွေထဲလည်းဝင်ဖမ်းကြတယ်။ မြို့ပေါ်တက်ဈေးဝယ်လို့လည်းမရ။ ဆေးရုံဆေးခန်းသွားပြလို့လည်းမရ။ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင် အကုန်ဖမ်းနေတာ။ စစ်တောင်းမြစ်လည်း လှေဆိပ်တွေလည်း ပိတ်ကုန်တယ်” ဟု ကျွဲပွဲကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီက ထိုသို့ပေါ်တာဆွဲ ဖမ်းဆီးမှုများ မခံလိုပါက တစ်ရွာလျှင် လူငယ် အနည်းဆုံး ၅ ဦးမှ ၁၀ ဦးအထိ တပ်သားသစ်အဖြစ် လစဉ် ပေးမည်ဆိုပါက ပေါ်တာဆွဲဖမ်းဆီးမှုများ ရပ်တန့်ပေးမည်ဟု ကျေးရွာပြည်သူများကို ခြိမ်းခြောက် အသိပေးလာကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)
Photo- Agency ။