မန္တလေးမှာ စျေးဝယ်ဟန်ပြုပြီး အိမ်ထဲဝင် လူသတ်၊ ပစ္စည်းလု၊ ကျူးလွန်သူတွေထဲ အမျိုးသမီးတွေ ပါဝင်ဟုဆို၊

by

in

မန္တလေးမှာ စျေးဝယ်ဟန်ပြုပြီး အိမ်ထဲဝင် လူသတ်၊ ပစ္စည်းလု၊
ကျူးလွန်သူတွေထဲ အမျိုးသမီးတွေ ပါဝင်ဟုဆို၊
ဒေါ်လာ/MFP ၊ ဩဂုတ် – ၂၀

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနဲ့ (၁၉)လမ်းကြား၊ (၈၆)လမ်း၊ ရွှေတချောင်းမြောင်းပေါ်၊ ညောင်ပင်စျေး အနီးက တံဆိပ်ခေါင်းရောင်းတဲ့ နေအိမ်ကို ဩဂုတ်(၁၉)ရက် ညနေပိုင်း လူတစ်စုက စျေးဝယ်ဟန်ပြုကာ နေအိမ်ထဲ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကြီးကို သတ်ကာ ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ(၅)နာရီလောက် ဖြစ်သွားတာ။ အသတ်ခံရတဲ့ အဖွားက အသက်(၆၀)ဝန်းကျင်လောက် ရှိမယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနဲ့ (၁၉)လမ်းကြား၊ (၈၆-F)လမ်းရှိ ဒေါ်ခင်မာကြည်ရဲ့ နေအိမ်ကို အသက်(၂၀)နဲ့ (၃၀)နှစ်ကြားရှိ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ရောက်ရှိလာပြီး စာချုပ်ဝယ်ယူမယ်လို့ ပြောဆိုကာ နေအိမ်အတွင်း ဝင်ရောက်လာပြီးနောက် လူသတ်ကာ ပစ္စည်းလုသွားတာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
စာချုပ် ဝယ်ယူမယ်ဆိုလို့ အိမ်ရှင် ဒေါ်ခင်မာကြည်က စာချုပ်နဲ့ တံဆိပ်ခေါင်းတွေ ပြသနေချိန် စျေးဝယ်ဟန်ပြုထားတဲ့ လူလေးဦးက ထိုးကြိတ်ရိုက်နှက်ကာ ဓားနဲ့ထိုးပြီး ကိုယ်ခန္ဓာမှာ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် တစ်ရံ၊ ငါးမူးခန့်သားရှိ ရွှေလက်စွပ် တစ်ကွင်း၊ သုံးကျပ်ခွဲသားခန့်ရှိ လက်ကောက် တစ်ကွင်း၊ တစ်ကျပ်ခွဲသားခန့်ရှိ ဟန်းချိန်းတစ်ခုတို့ကို လုယက်ယူဆောင်သွားပြီး ဒေါ်ခင်မာကြည်မှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ အဝင်အထွက်တွေကို ပိတ်ဆို့ထားကာ မြို့ပေါ် ရပ်ကွက်တိုင်း၊ နေအိမ်တိုင်းကို ဧည့်စာရင်းစစ်နေသလို ရပ်ကွက်တိုင်းမှာလည်း စစ်အုပ်စုနဲ့ပျူတွေ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက မြို့နဲ့ ရပ်ကွက်တွေကို ပိတ်ဆို့ပြီး စစ်ဆေးနေတဲ့ကြားက မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုနဲ့ ခိုးမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူတာ အားနည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်က မူးယစ်ဆေးရောင်းသူ၊ လောင်းကစားဒိုင်နဲ့ လူမိုက်တချို့ကို စစ်အုပ်စုက ပျူစောထီးနဲ့ သွေးသောက်တွေအဖြစ် လက်သပ်မွေးကာ လက်နက်ထုတ်ပေးထားသလို ရာဇဝတ် အကျဉ်းသားတွေကိုလည်း ထောင်ကလွှတ်ပေးကာ ပျူအဖြစ် လက်သပ်မွေးထားပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ် ဖြစ်ပွားခဲ့တဲ့ ကျပ်သိန်းသောင်းချီတဲ့ ဓားပြတိုက် လုယက်မှုမှသည် ဘီယာဆိုင်မှာ ဘီယာသောက်ပြီး ငွေမရှင်းဘဲ လက်နက်ပြ မိုက်ကြေးခွဲမှုအထိ စစ်အုပ်စုက ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေမှာ စစ်အုပ်စုကိုယ်တိုင် ယူနီဖောင်းဝတ်ပြီး ပါဝင် ကျူးလွန်ခဲ့တယ်လို့ ရဲမှုခင်း မှတ်တမ်းတွေက ဆိုပါတယ်။
မန္တလေးမာ မနေ့က ညနေပိုင်း ပစ္စည်းလု၊ လူသတ်ခံရတဲ့ နေအိမ်/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP