သာယာဝတီခရိုင်တွင် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေး

by

in

သာယာဝတီခရိုင်တွင် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေး
ရန်ကုန်၊ ဩဂုတ် ၂၀
ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်မှ ပြည်သူ ၃၀ ကျော်၊ မင်းလှမြို့နယ်မှ ပြည်သူ ၅၀ ကျော်၊ အုတ်ဖိုမြို့နယ်မှ ပြည်သူ ၃၀ကျော်၊ ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ ၂၀ကျော်နှင့် ဇီးကုန်းမြို့နယ်မှ ပြည်သူ ၁၅ ဦးကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရာ၌ လူပြည့်ခြင်းမရှိသောကြောင့် တစ်မြို့နယ်ကို လူ ၆၀ ပေါ်တာဆွဲဖမ်းဆီးပေးရန် ညွှန်ကြားထားကြောင်း၊ ယင်းသို့ ညွှန်ကြားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်များဖြင့် ရှောင်တခင် ဖမ်းဆီးခြင်း၊ လမ်းဆုံ လမ်းခွများတွင် ဖမ်းဆီးခြင်းနှင့် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးခြင်းများလည်း ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၅၀ ဖြင့် လိုက်ရွေးလျှင် ပြန်လွှတ်ပေးကြောင်း သိရှိရသည်။
“ပဲခူးတိုင်း အနောက်ခြမ်းမှာ ပေါ်တာဆွဲတာ တော်တော်ဆိုးနေပြီ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး စစ်ခွေး တွေပေါ်တာဆွဲနေတာ အုပ်ကြီးတွေက တဆင့် တပ်သားသစ်စုတာ လူမပြည့်လို့ဆိုပြီး သာယာဝတီခရိုင်က တစ်မြို့နယ်ကို လူ ၆၀ ပေါ်တာဆွဲပေးဖို့ ညွှန်ကြားထားတယ်။ လမ်းဆုံလမ်းခွမှာလည်း ဖမ်းတယ်။ မြို့ပေါ်ရော ရွာဘက်မှာပါ အိမ်စီးကား အဖြူနဲ့ ရှောင်တခင်ဖမ်းတာတွေလည်း ရှိတယ်။ ငွေပေးရင်တော့ ပြန်လွှတ်ပေးတယ်။ ပေးရတဲ့ငွေက သိန်း ၂၀ ကနေ သိန်း၅၀ အစားစားပဲ အိမ်ပေါ်ထိတက်ဖမ်းနေလို့ ယောက်ျားလေးဆို အိမ်မနေရဲတော့ဘူး။ ပြည်သူတွေ ဘာအလုပ်မှ မလုပ်နိုင်ကြဘဲ ကြာရင်ငတ်ကုန်တော့မယ်။ ယောက်ျားလေးဆို အသက် ၆၀ ကျော်တာတောင် စစ်တပ်က အလွတ်မပေးဘဲဖမ်းနေတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။