စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင် ■ စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ

by

in

စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင်
■ စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ
ရန်ကုန်၊ ဩဂုတ် ၂၀
အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များအပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းများကို ကောက် ယူနေကြောင်း တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းဥပဒေဖြင့် အမျိုးသားလူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်း၍ စစ်သင်တန်းများ ပေးကာ ရှေ့တန်းသို့ ပို့ဆောင်လျက်ရှိကြောင်း၊ အမျိုးသမီးများကို လတ်တလော မခေါ်ယူသေးဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို တောက်လျှောက် ဆိုသလို ကောက်ယူလျက်ရှိရာမှ ယခုနောက်ဆုံးတွင် စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များတွင်ပါ စာရင်းများ ကောက်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။
” ဒီရက်ပိုင်းမှာပဲ သန်လျင် တပ်နယ်ထဲမှာ တပ်မိသားစုစာရင်းတွေကို ထပ်ပြီး ကောက်တယ်။ အဲဒီအထဲမှာ လူငယ်တွေ စာရင်းတွေ အဓိက ထားကောက်တယ်။ လူငယ်တွေအားလုံး မိန်းကလေးတွေပါ အပါ စစ်မှုထမ်းရမယ်လို့ စစ်တပ်ဘက်က ပြောတယ်။ ပြေးလို့မရဘူး။ စာရင်းအတိုင်း အကုန်စစ်မှုထမ်းရမယ်။ အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ ခေါ်မယ်လို့ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အမျိုးသမီးများကို ၅ ကြိမ်​မြောက် စစ်မှုထမ်းသင်တန်းများတွင် တပ် သားသစ်များအဖြစ် စစ်မှုထမ်းရန် ခေါ်ယူသွားမည်ဆိုသော သတင်းများကြောင့် UMFCCI ကလည်း စက်ရုံ၊ အလုပ်ရုံများတွင် အမျိုးသမီး အလုပ် သမားအပေါ် ထိခိုက်မှု မရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း UMFCCI ကုန်သည်နှင့်စက်မှု အသင်းချုပ်ထံမှ သိရှိရသည်။
UMFCCI ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဇွန်လ ၂၀ ရက်နေ့ တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးအေးသောင်းက စစ်မှုထမ်းဥပဒေအရ ၅ ကြိမ်မြောက်တွင် အမျိုးသမီး စစ်မှု ထမ်းများ ခေါ်ယူမည်ဟု သိရှိထားရဆသာကြောင့် UMFCCI အနေဖြင့် ပြဿနာ များ မရှိအောင် ကြိုတင် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း အစည်းအဝေးတွင် တင်ပြ ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရှိရသည်။
“သင်္ကြန်ကာလ ဧပြီလ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ အလုပ်သမားတွေ သူတို့ရဲ့ မွေးရပ်မြေနဲ့ အိမ်တွေဆီခွင့်ပြန်ကြတယ်။ အဲဒီမှာ အလုပ်သမား ၂၀ ရာခိုင်နှုန်းကျော်က လုပ်ငန်းခွင်တွေဆီကို ပြန်မလာတော့ဘူး။ အဲဒီမှာ စက်ရုံအလုပ်ရုံတွေ အလုပ်သမား အခက်အခဲဖြစ်ကုန်တယ်။ အခုတစ်ခါ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုရင်လည်း အလုပ်သမား မလုံလောက်မှု ပြဿနာထပ်တက်ဖို့ရှိတော့ အဲဒါအတွက်လည်း UMFCCI ဘက်မှာ ကြိုတင်စဉ်းစား ပြင်ဆင်နေရပြီ” ဟု UMFCCI သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီ၏ တပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ လက်ရှိ အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် ခေါ်ယူရာတွင် လစဉ် သင်တန်းအပတ်စဉ်များတွင် လူဦးရေ လုံလောက်စွာ မရရှိသည့် ပြဿနာဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် လက်ရှိ အနေအထားအရ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ခေါ်ယူရမည့် အခြေအနေ ဆိုက်ရောက်နေကြောင်း ပြောဆိုသည်။
စစ်တပ်က ထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဖြစ်ပြီး အိမ်ထောင်သည်အမျိုးသမီးများနှင့် သားသမီးရှိသည့် အမျိုးသမီးများကိုမူ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ဘွဲ့ရ အမျိုးသမီးဗိုလ်သင်တန်းကျောင်းဆင်းပွဲ အခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)