ရန်ကုန်အဝင် တိုးဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် ဘန်ကာများအသစ် ပြင်ဆင်

by

in

ပဲခူးကနေ ရန်ကုန်မြို့အဝင် တိုးဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဘန်ကာအသစ်တွေ ပြင်ဆင် ဆောက်လုပ်နေသလို စစ်သားတွေ အင်အားသုံး ပြန်ချထားတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေဆီက သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်းတကော်က စစ်ဆေးရေးဂိတ်၊ ဇီရိုးမိုင်စစ်ဆေးရေးဂိတ်နဲ့ လေးထောင့်ကန်လမ်းက ရွာသာကြီးတိုးဂိတ်တို့မှာ ဘန်ကာအသစ်တွေ ပြင်ဆင်တာ၊ အင်အားတိုးချထားတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ခရီးသွားတယောက်က “သဲအိတ်တွေနဲ့ ဘန်ကာအသစ်တွေ လုပ်နေတာလည်း တွေ့တယ်။ အုတ်ဘန်ကာတွေကိုလည်း ပြန်ပြင်ဆင်နေတယ်။ ရွာသာကြီးတိုးဂိတ်နဲ့ အင်းတကော် ရန်ကုန်ဘက် စစ်ဆေးရေးဂိတ်တွေမှာဆို လုံခြုံရေးရုပ်ထားတာ ကြာပြီ။ အခု လုံခြုံရေးစစ်သားတွေ ပြန်ချထားတယ်။ ရန်ကုန်အဝင် စစ်ဆေးတာတွေလည်း ပြန်လုပ်နေတယ်” လို့ ပြောပါတယ်။

အရင်က အင်းတကော်ဂိတ်မှာ ခရီးသည်တင်ကားပေါ်က မသင်္ကာတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးတာ၊ မှတ်ပုံတင်စစ်ပြီး မပါတဲ့သူတွေကို ငွေညှစ်တာတွေ ရှိခဲ့တယ်လို့ ခရီးသွားတချို့က ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်အဝင် စစ်ဆေးတာတွေ ပြန်လုပ်လာပေမယ့် ပဲခူးဘက်အဝင်ကိုတော့ သာမန်အခြေအနေအတိုင်း လုံခြုံရေးတွေက စောင့်ကြည့်တဲ့အနေအထားပဲ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

DVB TV News