မိုးမောက်၊ ခမရ ၄၃၇ တပ်သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ဟု ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်အရာရှိ ဝန်ခံထွက်ဆို (ရုပ်/သံ)

by

in

မိုးမောက်၊ ခမရ ၄၃၇ တပ်သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ဟု ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်အရာရှိ ဝန်ခံထွက်ဆို (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ခမရ ၄၃၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ကြောင်း အဆိုပါ တိုက်ပွဲတွင် ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်း အရာရှိက ဝန်ခံထွက်ဆိုလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက် ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လနီးပါးကြာမြင့်လာချိန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါတပ်စခန်းတွင် အင်အား ၇၀၀ ကျော် တပ်စွဲထားခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးကာ၊ ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းအရာရှိက ထွက်ဆိုလာကြောင်း သိရှိရသည်။
“မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုက ၃၀၀ ကျော်သေတယ်။ ၄၀၀ ဝန်းကျင်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားတယ်လို့ ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်း အရာရှိက ဝန်ခံထွက်ဆိုပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ခမရ ၄၃၇ တပ်စခန်းသိမ်းတိုက်ပွဲတွင် သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်း၊ ရရှိထားသော လက်နက်ခဲယမ်းများကို သယ်ထုတ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်တွင် ခမရ ၄၃၇ ကို ယနေ့ သိမ်းပိုက်လိုက်ပြီးနောက် မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

◾️KIA သိမ်းပိုက်လိုက်တဲ့ ခမရ (၄၃၇) ဗန်းမော်မြို့အတွက် အဓိက လုံခြုံရေးစခန်းဖြစ်ဟု ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ ခမရ(၄၃၇)တပ်ရင်းဟာ ဗန်​မော်မြို့အတွက် အဓိကလုံခြုံ​ရေးစခန်းဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ ၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့ နေ့ခင်းပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီတပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်သာမက စစ်တပ် စစ်ကူစစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာမှာလည်း တင့်ကားတစ်စီးသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးမောင်မြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သွားပြီလို့ သတင်းရင်းမြစ်က ပြောပါတယ်။