ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး

by

in

ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး
ရောင်နီ
မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံး ပြီးနောက် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ပြီးစစ်ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံ က သိရသည်။
ကြည်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ စာတိုက်ကားမှတ်တိုင်အနီး၌ ယနေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်း ဖြစ်သည်။
“ ညနေက စာတိုက်မှတ်တိုင်နားမှာ အမျိုးသားတယောက် သေနတ်နဲ့ပစ်ခံရတာ။ နေရာမှာပဲ သေသွား တယ်” ဟု ဒေသခံတဦးက ပြောသည်။
သေဆုံးသူသည် အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသားဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် နေရာ တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများရောက်လာကာ ကမ်းနားလမ်း စာတိုက်ကားမှတ်တိုင်မှ မြို့ထဲဘက်သွားသည့် လမ်းကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အခုအချိန်အထိ ကမ်းနားလမ်းမှာ စစ်သားတွေရော ရဲတွေအပြည့်ပဲ။ ကြည်မြင့်တိုင် တဖက်ကမ်းကိုကူး မယ့် သဗ္ဗာန်ဆိပ်ကိုလည်း ပိတ်လိုက်ပြီကြားတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးက အိမ်တွေကိုလည်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရတယ်။ စမ်းချောင်းမြို့နယ်မှာလည်း မီးတန်းတွေနဲ့ ကင်းလှည့်နေကြ တယ်” ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ ည ၈ နာရီအချိန်တွင် မဇ္ဈိမကိုပြောသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်း မရှိ သေးပေ။
မဇ္ဈိမ၏ သတင်းရင်းမြစ်များကလည်း ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတဝိုက် စစ်ကောင်စီတပ်နှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခံရသူသည် မည်သူဖြစ်ကြောင်း အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း ဆိုသည်။
သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်တွင် ယနေ့ည ဧည့် စာရင်းစစ်ဆေးမှုများပြုလုပ်နိုင်သည့်အတွက် ပြည်သူများသတိပြုနေထိုင်ကြရန် Kyimyindaing Scout Channel က အသိပေးထားသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း – ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
#ရန်ကုန်မြို့
#ကြည့်မြင်တိုင်မြို့နယ်
#ပစ်ခတ်မှု
#ဧည့်စာရင်း
#mizzima
#Burmese