အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်…

by

in

အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်…
ဇန်နဝါရီ ၆၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နားက ဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကြားက တောင်ဇောက်တောင် အမြောက်စခန်းကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီလို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
အဲ့ဒီ တောင်ဇောက်တောင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု အများအပြားနဲ့ နောက်ဆုတ်သွားသလို အရှင်ဖမ်းမိသူတွေလည်း ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
AA အနေနဲ့ တောင်ဇောက်တောင်ရွာမှာ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ တောင်ဇောက်တောင်စခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတွေ ဘယ်နှယောက်ရှိသလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တောင်ဇောက်တောင် အမြောက်စခန်းမှာ AA သိမ်းပိုက်လိုက်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နောက်ထပ် အင်အားဖြည့်ထားတဲ့ တပ်ကူတွေ အင်အား ရာဂဏန်းလောက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အမ်းမြို့နယ် တရုတ်ပိုက်လိုင်းရှိရာ တောင်ဇောက်၊ ဆင်ခုံတိုင်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို လက်နက် ၉ လက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့လည်း ဇန်နဝါရီ ၅ ရက်မှာ CDF – Asho စစ်ဘက်ရေးရာရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းနဲ့ စခန်းသိမ်း တိုက်ပွဲတွေက AA တပ်ဖွဲ့ဝင်များ.
.

အမ်းကို စစ်ကြောင်းထိုးရန်ပြင်ဆင်ထားသည့် အမြောက်စခန်းကို AAဝင်ရောက်တိုက်ခိုက် သိမ်းပိုက်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျပြီးနောက် အမ်းမြို့ကို ပြန်လည်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် လက်နက် ကြီးစခန်း တောင်စောက်ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ကြောင်း သိရသည်။
အမ်းမြို့နယ် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး တပ်စွဲထားသည့် ဗျူဟာမြောက် အမြောက်စခန်း တောင်စောက်တောင်ကို ယမန်နေ့ ဇန်နဝါရီ ၅ရက်နေ့တွင် AA က ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။
“တောင်စောက်အမြောက်ကြီးစခန်းရော၊ ဓာတ်ငွေ့စက်ရုံကိုပါ သိမ်းလိုက်ပြီလို့ သိထားပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်စောက်တောင်စခန်းသည် အမ်းနှင့် မိုင် ၂၀ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်များသည် တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူကာ အမ်းသို့ တစ်မိုင်ချင်းရှေ့တိုးချီတက်နေသည့် စခန်းကြီး ဖြစ်ကာ AAက တောင်စောက်တောင် အမြောက်စခန်းကို သိမ်းယူပြီးနောက် ဓာတ်ငွေ့စက်ရုံကိုပါ ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ နတ်ရေကန် လက်နက်ကြီးစခန်းကိုပါ AA က ဝင်ရောက်တိုက်ခိုက်နေပြီး မြေပြင်ထောက်ပို့လမ်းကြောင်းများကိုပါ ဖြတ်တောက်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တောင်စောက်စခန်းမှ စစ်ကောင်စီတပ်များ ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူကာ အမ်းနှင့် ၁၅မိုင်အကွာထိ ချဉ်းကပ်လာသည်ကို AAက ဖြတ်၍တိုက်ခိုက်ရာ မိုင်၂၀ ထိပြန်၍ တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
နတ်ရေကန်ဂိတ်နှင့် ကံမြင်းကန်ဂိတ် စခန်းများမှာလည်း AA၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် စစ်ကူမရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးကြကြောင်း သိရသည်။
AA အနေဖြင့် အမ်းမြို့ကို သိမ်းပိုက်ပြီး အမ်း- ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသလို၊ တောင်ကုတ်- ပြည်၊ပန်းတောင်းလမ်းပိုင်းမှ တောင်ပုံကြီးစခန်းကိုလည်း တိုက်ခိုက် လျက်ရှိကာ ဂွ- ငသိုင်းချောင်း လမ်းတွင်လည်း တိုက်ပွဲဖော်ဆောင်ထားကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်