နေပြည်တော်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အသုံးပြုလာ

by

in

လက်နက်ကိုင်အင်အား နည်းလာသော စစ်တပ်က နေပြည်တော်တွင် ဝန်ထမ်းများကို စစ်သင်တန်းပေး၊ စစ်မှုထမ်းဟောင်းတို့ကို ထုတ်သုံးရုံတင်မက ပြည်သူ့စစ်များဖြင့် လုံခြုံရေး အားဖြည့်ထားသည်။

စစ်ကောင်စီခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်တွင် ယူနီဖောင်းဝတ်ပြည်သူ့စစ်များကို စတင်အသုံးပြုလာသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောကြသည်။

၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီ ၃ ရက်နေ့က ပျဉ်းမနား-တောင်ညိုလမ်းမ အပါအဝင် နေရာအများစုတွင် အပြာရင့်ရောင်ဝတ်စုံဝတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ကို သုံးယောက်တစ်တွဲစီဖြင့် လူမြင်ကွင်း၌ လုံခြုံရေးချထားခဲ့သည်ကို မြို့ခံများက တွေ့မြင်ခဲ့ရသည်။

လမ်းမကြီးပေါ်တွင် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ တုတ်ကိုင်ပြီး မတ်တပ်ရပ်နေကြသော ပြည်သူ့စစ်များကို စစ်ကားများဖြင့် အကြိုအပို့ လုပ်ပေးသည်ကိုလည်း တွေ့ခဲ့ရသည်ဟု နေပြည်တော်ဒေသခံတို့က ဆိုသည်။

၈ မြို့နယ်ရှိသည့် နေပြည်တော်တွင် မြို့နယ်တစ်ခုလျှင် ပြည်သူ့စစ် ၅၀ စီ တာဝန်ချထားပေးသည်၊ အရေးကြီးလုံခြုံရေး လမ်းကြောင်းမရှိသည့်ရက်များတွင် မြို့နယ်အတွင်း တာဝန်ယူရသည်ဟု နေပြည်တော်ကောင်စီ အုပ်ချုပ်ရေးနှင့် နီးစပ်သူများ၊ ပြည်သူ့စစ်တချို့က ဆိုသည်။

“ပြည်ပလူကြီးလမ်းကြောင်းဆိုရင်တော့ လက်နက်ပေးတယ်။ ပုံမှန်နဲ့ မြို့လုံခြုံရေးဆိုရင် ခုထိ လက်နက် မပေးသေးဘူး” ဟု ပြည်သူ့စစ်တစ်ဦးက ပြောသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များ သွားလာသည့် လမ်းတစ်လျှောက်တွင် လက်နက်ကိုင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုသာ တွေ့ခဲ့ရသည်။

ယခင်က နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် ကျေးရွာချင်းဆက်လမ်းများတွင် တာဝန်ကျကြပြီး ကျေးရွာကင်းစခန်းများကို လိုက်လံစစ်ဆေးကြရကြောင်း ပြည်သူ့စစ်တချို့ က ဆိုသည်။

နေပြည်တော် ၈ မြို့နယ်တွင် တွေ့ရသည့် ပြည်သူ့စစ်များမှာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားများ ဖြစ်ပြီး ခါးတွင် လက်ကိုင်တုတ် တစ်ချောင်းစီချိတ်ထားကြသည်ဟု သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုရှိ စစ်လေ့ကျင့်ရေးတပ် တွင် နှစ်လခွဲကြာ သင်တန်းတက်ခဲ့ရကြောင်း၊ သင်တန်းအပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅၀၀ ထိရှိကြောင်း စုံစမ်း သိရှိရသည်။

၂၀၂၄ စက်တင်ဘာလကုန်ပိုင်းတွင် အဆိုပါပြည်သူ့စစ်သင်တန်းကို တက်ရောက်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းတွင် ပထမဆုံးလစာအဖြစ် ကျပ်သုံးသိန်းနှင့် ရိက္ခာတချို့ ရရှိခဲ့ကြောင်း ပြည်သူ့စစ်များ ထံက သိရသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူ့တို့ကို အကြမ်းဖက်နှိပ်ကွပ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ စစ်တပ်က နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည်။

ခုခံလိုသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူ၊ လက်နက်အကူအညီ ရယူထားပြီး ထိုအဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင်နေကြသည်။

စစ်ကောင်စီတပ်သည် လိုအပ်သော စစ်အင်အားအတွက် ပြည်သူ့စစ်များ၊ စစ်မှုထမ်း ဥပဒေများဖြင့် လူအတင်းကျပ်စုဆောင်းနေရာ ၎င်းတို့ အခြေစိုက်သော နေပြည်တော်တွင်ပါ ပြည်သူ့စစ်များ အသုံးပြုနေရပြီဖြစ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တပ်ကုန်း၊ လယ်ဝေးမြို့နယ် ပြည်သူ့စစ်တို့နှင့် ၂၀၂၄ ခုနှစ် ဇွန်လဒုတိယပတ်အတွင်း တွေ့ဆုံခဲ့မှု မှတ်တမ်းဓာတ်ပုံများကို စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ခဲ့ရသည်။

လက်ရှိတွင် ပြည်သူ့စစ်သင်တန်း အပတ်စဉ် (၆) သင်တန်း ဆင်းပြီဖြစ်ပြီး အပတ်စဉ် (၈) ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်၊ စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် ထုတ်ပြန်ထားသော ဓာတ်ပုံများ အရ လူအင်အားမနည်းဟု ယူဆရသည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းကျော်နေထိုင်သည့် နေပြည်တော်တွင် စစ်မှုထမ်းဟောင်းများကိုပါ မြို့ပေါ်အထိ လုံခြုံရေးကင်း စခန်းများတွင် လက်နက်များကိုင်ဆောင်စေပြီး တာဝန်ချထားသည်ကို တွေ့မြင်ရသည်။ အုပ်ချုပ်ရေးမှူးများလည်း စစ်သင်တန်း တက်ရောက်နေရသော်လည်း လက်နက်တပ်ဆင်မပေးသေးပေ။

စစ်ကောင်စီသည် နေပြည်တော်နှင့် မကွာဝေးသော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပါအဝင် အမြန်လမ်း၊ အနီးတဝိုက်ဒေသများတွင် ထိုးစစ်ဆင်ခံနေရသည်။ နေပြည်တော်နှင့်အနီးတဝိုက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလယ်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ တပ်များ အခြေစိုက်လှုပ်ရှားနေသည်။