လျှပ်စစ်မီး အလွန်ဆိုးရွားစွာ ပြတ်တောက်နေသည့် ရန်ကုန်တွင် ဂျိုးဖြူရေပါ ပြတ်တောက်သွားပြီး အနည်းဆုံး ၃ ရက်ကြာ ဂျိုးဖြူရေ ပြတ်မည်ဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် လျှပ်စစ်မီးရရှိမှု ၄ နာရီအောက်သာ ရရှိနေချိန်တွင် ယမန်နေ့မှစတင်၍ ဂျိုးဖြူရေပါ လုံး၀ ပြတ်တောက်သွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ မြို့နယ်များအားလုံးတွင် ဂျိုးဖြူရေများ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ဂျိုးဖြူရေကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းအထိ ဂျိုးဖြူရေ ပြတ်တောက်နေမည်ဟု ရန်ကုန်စည်ပင်က အသိပေးလာကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆိုသည်။
” မနေ့ မွန်းလွဲပိုင်းလောက်ကစပြီး ဂျိုးဖြူ ရေပြတ်သွားတယ်။ အဲဒါ စည်ပင်ကို ဖုန်းဆက်မေးတော့ ဂျိုးဖြူပိုက်လိုင်း ပြင်ဖို့ရှိတယ်ပြောတယ်။ ၈ ရက်နေ့မှာတော့ ပြန်ရမယ်ပြောတယ်။ မီးကလည်း မလာ၊ ဂျိုးဖြူရေကလည်း ပြတ်နေတော့ အထပ်မြင့် တိုက်တာတွေ အကုန် အရမ်းဒုက္ခရောက်နေတယ်” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂ နာရီမှစတင်၍ ဂျိုးဖြူပိုက်လိုင်းကို အကြီးစား ပြုပြင်မည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂ နာရီမှစ၍ ဂျိုးဖြူရေစတင်ပိတ်ပြီး ရေကျန်များထုတ်ခြင်း၊ ဂျွိုင်းဆက်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ရေပြန်လည်ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
“ဒီနေ့ ၇ ရက်နေ့မှ ရေပြတ်မယ်ကြေညာပြီး ၆ ရက်နေ့ မွန်းလွဲပိုင်းကတည်းက ဂျိုးဖြူရေ ပြတ်တာပဲ။ ဘယ်တုန်းကမှလည်း ကတိတည်တာမဟုတ်ဘူး။ လုပ်ချင်ရာလုပ်နေကြတာ” ဟု ရန်ကင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ရေပြတ်၊ မီးပြတ်သည့် အခြေအနေများကြောင့် ပြည်သူများ၏ နေ့စဉ် လူမှုဘ၀ ဒုက္ခများစွာ ကြုံတွေ့နေရပြီး အဓိကအားဖြင့် အထပ်မြင့် တိုက်တာများတွင် နေထိုင်သူများ ရေမရရှိ၍ အလွန်ဒုက္ခရောက်နေရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- ယနေ့ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် တွေ့ရသည့် ရေချွေတာရေးနှင့် ဓာတ်အား လေလွင့်မှု မရှိစေရေး ကြော်ငြာစာ။