ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်၊ဗန်းမော်နည်းပညာတက္ကသိုလ် စစ်စခန်း အပါအဝင် စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထား (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲများအတွက် ထပ်မံ၍ ထိုးစစ်များ အရှိန်မြှင့်တင်လိုက်ကြောင်း၊ လက်ရှိတွင် မံစီမြို့အတွင်းနှင့် ဗန်းမော်မြို့အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်နိုင်ပြီဖြစ်ပြီး မြို့တွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
” ဒီမနက် ၅ နာရီအချိန်မှာ ဗန်းမော် နဲ့ မံစီ မှာတိုက်ပွဲပြင်းထန်နေပါတယ်။ KIA ဘက်က ထိုးစစ်အရှိန်မြင့်တင်နေပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။
ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဗန်းမော်နည်းပညာတက္ကသိုလ်၊ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် ကင်းစခန်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ မံစီမြို့တွင်လည်း စစ်တပ်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။