၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော
“အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း
ဟန်နွေ/People’s Spring
၂၀၂၅တွင် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ မတူညီသည်များကို ဖယ်ထားပြီး စည်းလုံးညီညွတ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF၏ မန်းတောင်ရိပ်ခို အောင်ပွဲကြိုအမည်ဖြင့် ရန်ပုံငွေရှာဖွေးရေးလှုပ်ရှားမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ကိုမုန်တိုင်းက အမှာစကား ပြောကြားရာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သုံးနှစ်ကျော် လေးနှစ်တာကာလအတွင်း အခက်အခဲမျိုးစုံဖြင့် ရှင်သန်နေကြရပြီး အဆုံးသတ်တိုက်ပွဲ တိုက်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။
မန္တလေးPDF အနေဖြင့် ၁၀၂၇စစ်ဆင်ရေး တွင် ပါဝင်ခဲ့ကြောင်း အသိပေးပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွက် ပြင်ဆင်မှုအားကောင်းရန်လိုကြောင်း၊ တိုက်ပွဲအောင်မြင်ရေးအတွက် ပြင်ဆင်မှုအားကောင်းရန် လိုအပ်သကဲ့သို့ ပြည်သူ ထောက်ခံမှုလိုအပ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။
ထို့ပြင် တော်လှန်ရေးအချိန်အရမ်းကြာ၍ မဖြစ်ကြောင်း၊ အချိန်ကြာပါက လက်နက်ကိုင်တော်လှန်ရေး၏ ဘေးထွက်ဆိုးကျိုးရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ၂၀၂၅က အဆုံးအဖြတ်ပေးသည့် တိုက်ပွဲများ ဖော်ဆောင်ကြရမည်ဟု ကိုမုန်တိုင်းက ပြောသည်။
“ဒီနှစ်က နောက်ဆုံးနှစ်ပဲလို့ ဖြစ်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ကိုမုန်တိုင်းက ပြောသည်။
စစ်အာဏာရှင်ပြုတ်ကျရေး၊ မင်းအောင်လှိုင်ကျရှုံးရေး လုပ်ဆောင်ရာ၌ မည်သည့်ဘုရားမှတား၍ ရမည်မဟုတ်ကြောင်းလည်း MDY PDF တပ်မှူးက ပြောသည်။
“အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်”ဟု ကိုမုန်တိုင်းက ပြောသည်။
ထို့အပြင် ရန်သူကလည်း တော်လှန်ရေးတပ်များကို အလစ်အငိုက်မပေးသကဲ့သို့ MDY PDF အနေဖြင့်လည်း အလစ်အငိုက်ပေးမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
“မင်းအောင်လှိုင် သေကို သေရမယ်”ဟုလည်း ကိုမုန်တိုင်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထိုသို့ အဆုံးသတ်တိုက်ပွဲများ ဖော်ဆောင်နိုင်ရေး အားကောင်းသည့် ပြင်ဆင်မှု ရှိရန်လိုအပ်ကြောင်း၊ခေတ်မီ လက်နက်များရှိရန်လိုအပ်ကြောင်း၊ လူ၊ လက်နက်၊ ငွေကြေး ရရှိမှုခေတ်မီ စစ်ကိုယှဉ်နိုင်မည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။
ထို့ပြင် စစ်သားသီလမြဲရန်လိုအပ်ကြောင်း၊ အမိန့်နာခံမှုအားကောင်းရန် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများလိုက်နာရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ရှေ့တန်း၌ တိုက်ပွဲဝင်နေမှသာ မွန်မြတ်ခြင်းမဟုတ်ဘဲ ကိုယ်နိုင်ရာဝန်ထမ်းဆောင်ပါက တော်လှန်ရေး အမြန်ပြီးမည်ဖြစ်ကြောင်းလည်း ကိုမုန်တိုင်းက ပြောကြားပြီး မတူညီသည်များကို ဘေးဖယ်ကာ စည်းလုံးညီညွတ်ကြရမည်ဟု တိုတ်တွန်းသည်။
“လက်ရှိအခြေအနေက စည်းလုံးရမယ့် အခြေအနေရှိပါတယ်”ဟုလည်း ကိုမုန်တိုင်းက ပြောကြားသည်။
မန္တလေး PDFသည် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ဒီဇင်ဘာ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၄တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း အသိပေးသည်။
ထို့ကြောင့် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။
မန္တလေး PDF၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ကြောင်းနှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။
မန္တလေး PDFသည် စစ်ကောင်စီတပ်နှင့် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီစခန်းအများအပြားကို သိမ်းပိုက်ထားသည်။
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY-PDF)