ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ရခိုင်နှင့်ထိစပ်နေသော ကမ်းခြေရွာများကို ဇန်နဝါရီလ ၂ ရက်နေ့က အာရက္ခတပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်နေသည်ဆိုသည့် သတင်းများမှာမမှန်ကန်ပဲ ဂွမြို့ဘက်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်းပစ်ခတ်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“AA က ရခိုင်ဘက်အဆုံး ကျောက်ချွန်ဘက်ကနေ ဒီဘက်ကို ကျော်မလာသေးပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာက ဂွဘက်ကနေ ခြေလျင် ပြန်ပြေးလာတဲ့ စစ်သားတွေကို မကျီးဇင်မှာရှိနေတဲ့ စစ်သားနဲ့ရဲတွေက ပြန်ပစ်ကြတာ။ ထွက်ပြေးလာတဲ့စစ်သားတွေက လက်နက်တွေရွာထဲပစ်ချပြီး ထွက်ပြေးကြတာတွေနဲ့ အခြေအနေတွေရူပ်ထွေးကုန်တာ”ဟု မကျီးဇင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဂွမြို့ဘက်မှ အသုတ်လိုက်ခြေလျင်ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများမှာ ကမ်းခြေဒေသများဖြစ်သည့် မကျီးဇင်၊ ဘောမိစသည့် ကျေးရွာများနှင့် သာပေါင်းမြို့ နယ်ရှိကျေးရွာများအတွင်းသို့ လက်နက်များပစ်ဖောက်ကာ အစားအစာတောင်းရမ်းစားသောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
ထိုသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အချို့မှာ စစ်တပ်နှင့်ပြန်လည်ပူးပေါင်းခြင်းမရှိဘဲထွက်ပြေးသွားကြကြောင်း၊ အချို့ကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ၏ ပြန်လည်ဖမ်းဆီးမှုကို ခံခဲ့ရကြောင်းဒေသခံများက ဆိုသည်။
“သာပေါင်း လှေကြီးတက်အုပ်စုမှာပြီးခဲ့တဲ့ ၂ရက်နေ့က ပဲ တပ်ပျက်ပြီးထွက်ပြေးလာတဲ့ စစ်သား သုံးယောက်ကိုရဲတွေကဖမ်းပြီး စစ်တပ်ထဲပြန်ပို့လိုက်တယ်”ဟု ကျေးရွာဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နှင့်ထိစပ်နေသော ရွှေသောင်ယံမြို့ရှိ ကမ်းခြေကျေးရွာများတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများကို စစ်ကောင်စီကဖြတ်ထားပြီး၊ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးခြင်းနှင့် ကျေးရွာများတွင် လွှင့်ပစ်ခဲ့သော လက်နက်များကို ပြန်လည်သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်းသိရှိရသည်။
#ဧရာဝတီတိုင်း #ဂွမြို့တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #အချင်းချင်းပစ်ခတ်မှုဖြစ်ပွား #ပုသိမ် #သာပေါင်း #မကျီးဇင် #ဘောမိ #ရွှေသောင်ယံ #Ayeyarwaddy_Times