စစ်ကောင်စီက ဖမ်းဆီးထားသည့် သရုပ်ဆောင်သင်ဇာဝင့်ကျော် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာထားသည်။
“သင်ဇာဝင့်ကျော် လွတ်တဲ့အထဲပါတယ်”ဟု အကျဉ်း ဦးစီးနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနုပညာရှင်အချို့နှင့် ၎င်းနှင့်နီးစပ်သူအချို့မှလည်း သင်ဇာဝင့်ကျော်ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်ကို တွေ့ရသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် အီလက် ထရွန်နစ် ဥပဒေပုဒ်မ ၃၃(က) နှင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် သရုပ်ဆောင် သင်ဇာဝင့်ကျော်နည်းတူ မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ခြောက် နှစ်ချမှတ်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်း ရှိ/မရှိကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သိရှိရခြင်း မရှိသေးပေ။
ပုံစာ-ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော သင်ဇာဝင့်ကျော်အား တွေ့ရစဉ်
ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချထားသူ ၆၀၄၄ ယောက်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီကနေ့မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထားတဲ့အကျဥ်းသား၊ အကျဥ်းသူ ၅၈၆၄ ယောက်ကို ပုဒ်မ ၄၀၁ အရ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလွှတ်ပေးတဲ့အထဲမှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ လည်းပါတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့ လွတ်ငြိမ်းပေးတဲ့အထဲမှာ အင်းစိန်က ၁,၀၀၀ ကျော်ပါတယ်။ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့သူတွေပါသလို သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံလည်းပါတယ် လို့ကြားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အကျဥ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၁၄၄ ယောက်ကိုလည်း သေဒဏ်ကနေ ထောင်ဒဏ် ၁၅ နှစ်အဖြစ်ပြောင်းလဲချမှတ်ခဲ့ပါတယ်။
လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တာနဲ့ ပတ်သက်တဲ့အမှုတွေ၊ မတရားအသင်းဥပဒေနဲ့ ပတ်သက်တဲ့အမှုတွေ၊ လက်နက်နဲ့ပတ်သက်တဲ့အမှုတွေ၊ မူးယစ်ဆေးနဲ့ပတ်သက်တဲ့အမှုတွေ၊ သဘာဝဘေးအန္တရာယ်၊ အဂတိလိုက်စားမှုအမှုတွေကလွဲလို့ ကျန်ဥပဒေနဲ့ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံထားရသူတွေကို ကျခံနေရတာရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့ ကြေညာပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နှစ်နိုင်ငံချစ်ကြည်ရေးအရ အကျဥ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြား အကျဥ်းသား၊ အကျဥ်းသူ ၁၈၀ ကိုလည်း လွတ်ငြိမ်းပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ဒီနေ့မနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာကြမယ့် အကျဉ်းသားတွေကို မိသားစုဝင်တွေက အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ မနက် ၆ နာရီလောက်ကတည်းက လာရောက်စောင့်မျှော်နေကြပါတယ်။