အနန်းကွင်း စစ်တပ်စခန်းသို့ စစ်ကူလာသော တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော်လက်နက်ချ၊ မြ၀တီ-ကော့ရိတ်လမ်းတိုက်ပွဲ အပါအဝင် တောင်ပိုင်းတိုင်းတိုက်ပွဲများတွင် စုစုပေါင်း စစ်သား ၇၃ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းသို့ စစ်ကူလာသော အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော်လက်နက်ချကြောင်း SOF မြေပြင် စစ်ကြောင်းမှုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့ အထိ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူပို့ရန်နှင့် လူနာသယ်ရန်လာသော တပ်မ ၄၄ စစ်ကြောင်းကို KNLA၊ SOF နှင့် ပူးပေါင်းအဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များက ၄ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူအလောင်း ၄၀ ကျော်အထိရှိခဲ့ပြီး လက်နက်ကြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါစစ်တပ်စစ်ကြောင်းမှ ၃၀ ကျော် လက်နက်ချအညံ့ခံကြောင်း၊ စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး စစ်သားများ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်၊ Y12 ဗုံးကျဲလေယာဥ်ဖြင့် ၁ ကြိမ်၊ လက်နက်ကြီး အကြိမ် ၁၅၀ ခန့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၅ ဦးခန့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သိရှိရသည်။
“တိုက်ပွဲစဖြစ်ကတည်းက သူတို့စကစ စစ်ကြောင်းကနေ လက်နက်ချအညံ့ခံသူ၊ လာရောက်ပူးပေါင်းသူ ၃၀ ကျော်ရှိတယ်။
အခုက ဒီရက်ထဲတိုက်ပွဲတွင်းမှာပဲ သေတာက ၄၀ ကျော် အလောင်းရတယ်၊ လက်နက်က ၃၀ ကျော်ရတယ်။ စစ်ဘက်က ဒဏ်ရာရသူလည်း ၄၀ ကျော်တယ်၊ စစ်ကြောင်းထိုးလာတော့ ၁၀၀ ကျော်မယ်၊ စစ်ကြောင်းတစ်ခုလုံး ပျက်ပြီး ကစဥ့်ကလျားနဲ့ ပြန်ဆုတ်သွားတယ်” ဟု SOF မြေပြင် စစ်ကြောင်းမှုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင်သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပြီး စစ်ကာင်စီတပ်သား ၇၃ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၇ ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့ နှင့် ရန်သူစစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၃ ဦးသေဆုံး၍ ၇၅ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။