ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CNDF က ရဟတ်ယာဥ် ၁ စင်းကို ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိ

by

in

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CNDF က ရဟတ်ယာဥ် ၁ စင်းကို ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိ
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီ ၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကူနှင့် ရိက္ခာလာချပေးသော MI 17 ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုကြောင့် လှည့်ပြန်ခဲ့ပြီး ကလေးမြို့တွင် အရေးပေါ်ဆင်းသက်နေရကြောင်းသိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသလို လေကြောင်းဖြင့် စစ်ကူချပေးမှုများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ဘက်ကို MI 17 လာတဲ့အခါကျတော့ ပစ်ခတ်မှုတွေ လုပ်တဲ့ဟာ ရှိပါတယ်။ ဆိုတော့ အဲ့ဒီရဟတ်ယာဉ် ပြန်လှည့်သွားတာပေါ့။ ဖရဲသီးတွေဆီကနေ ကျွန်တော်တို့ကြားရတာကတော့ ထိခိုက်မှုတွေ ရှိနေတယ်ပေါ့လေ” ဟု CNDFပြောခွင့် ရဆလိုင်းတင်မီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့တွင် လေကြောင်းဖြင့် စစ်ကူချပေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးပြီး စစ်သုံ့ပန့်အများအပြားလည်း ဖမ်းဆီးရမိထားကြောင်းသိရသည်။
“စစ်ကူချတာကတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ လူဦးရေ ၁၀၀ နီးပါးပေါ့။ အဲ့ဒါတွေကိုတော့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ချေမှုန်းနိုင်ခဲ့တယ်။စစ်သုံ့ပန့်တွေကိုလည်း တဝက်ထက်ကျော်ဖမ်းမိထားတဲ့ဟာ ရှိတယ်။အခုလက်ရှိလည်း ဖမ်းမိထားတဲ့ဟာရှိတယ်ဆိုတော့ ကျွန်တော်တို့ကြားသိတာကတော့ ၅ ယောက်လောက်ပဲ ကလေးမြို့ဘက်ကို ရောက်သွားတယ်လို့ ကြားသိရပါတယ်။တခြားဟာတော့ ကျွန်တော်တို့ သုတ်သင်ရှင်းလင်းနိုင်တဲ့ အခြေအနေမှာ ရှိတယ်” ဟု ဆလိုင်းတင်မီက ဆက်လက်ပြောဆိုသည်။
ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိတွင် ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ပုံစာ-ဟားခါးမြို့တွင် ပျက်ကျသော ရဟတ်ယာဥ်(ပုံဟောင်း)